BREAKING
January 6, 2025

ပေါက်တောမြို့သို့ စစ်ကူလာသည့် စစ်သင်္ဘောသုံးစီးကိုပစ်ခတ်ရာ တစ်စီးထိမှန်ဟု AA ပြော

December 22, 2023

ပုံစာ - ပေါက်တောမြို့နယ်တွင် စစ်ကောင်စီတပ် စစ်သင်္ဘောတစ်စီးကို AA က ဒီဇင်ဘာလ ၁ ရက်နေ့က ပစ်ခတ်ခဲ့စဉ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် စစ်သင်္ဘောသုံးစီးဖြင့် လာရောက်ချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်စီးထိမှန်ကာ နောက်ပြန်လှည့်သွားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်တွင် ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီတပ် လက်ကျန်တပ်ဖွဲ့ဝင်တို့နှင့် AA တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်က ယင်းနေ့တွင် စစ်သင်္ဘောသုံးစီးဖြင့် စစ်အင်အားဖြည့်တင်းရန်လာချိန် AA က ပစ်ခတ်ရာ တစ်စီးထိမှန်သဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရကြောင်း AA က ထုတ်ပြန်ထားသည်။

မြို့ပေါ်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃) ထဲရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ပေါက်တောမြို့သို့ စစ်အင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် ကြိုးစားနေခဲ့သည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း AA က ဆက်လက်ဖြတ်တောက်ထားနိုင်ဆဲဖြစ်ကြောင်း AA က ဆိုသည်။

နိုဝင်ဘာလ ၁၆ရက်တွင် ပေါက်တောမြို့ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို AA က သိမ်းယူကာ မြို့ကို ထိန်းချုပ်လိုက် ပြီးနောက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံများ မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်။

မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာကာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် မြို့ပေါ်တွင် မကြာခဏ မီးလောင်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ဒီဇင်ဘာလ ၂၁ရက်က စစ်တွေမြို့ တောကန်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ခန့် ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

မင်းပြားမြို့နယ်တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီဘက်က ဖလောင်းပြင်ကျေးရွာတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် AA က ပြန်ပစ်ရာ ရဟတ်ယာဉ်ဖြင့် လာပစ်ကြောင်း ဖော်ပြသည်။

ရမ်းဗြဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ပစ်ခတ်နေပြီး အမ်းမြို့နယ်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်သလို ဂျက်တိုက်ယာဉ်ပေါ်က စက်သေနတ်များဖြင့် ပစ်ခတ်မှုရှိနေသည်ဟု ဆိုသည်။