<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)
အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)
အခန်း-၄၉-
(၁) နိုင်ငံခြားသတင်းထောက်နဲ့ ရှေ့တန်းသွားရတဲ့ ဒုက္ခ
ပြည်ခြား-ပုလောဒေသ ရှေ့တန်းခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ် ၂၀ လောက်ကြာပြီးချိန်မှာ မောင်ဒေးဗစ်ကို အခုလို ကျနော် ချီမွမ်းခန်းဖွင့်နေပေမယ့် ၁၉၉၅ တုန်းက အမြင်ကတော့ တကယ့်ပြောင်းပြန်ပါ။
နိုင်ငံခြားသား သတင်းထောက်တဦးကို ရှေ့တန်းခေါ်သွားရတဲ့တာဝန်က အတော်ကြီးတဲ့အတွက် ခေါ်လာမိတာမှားပြီလား လို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ကျနော်တို့တပ်တွေနဲ့အတူ နိုင်ငံခြားသတင်းထောက်တွေ၊ အထူးသဖြင့် လူဖြူတွေ ပါလာတယ်လို့ နဝတ-ဘက်က သိသွားရင် အင်အားအလုံးအရင်းသုံးပြီး မရ၊ ရတဲ့နည်းနဲ့ လိုက်လံပိတ်ဆို့ တားဆီးလေ့ ရှိတယ်လို့ ရှေ့တန်းအတွေ့ အကြုံရှိသူ တပ်ခွဲမှူး ကိုလှဦးကပြောပါတယ်။
တကယ်ကတော့ DAB စစ်ကြောင်းတွေ ခေတ်ကောင်းစဉ် ၁၉၉၂-၉၃ ပြည်ခြား-ပုလောဒေသဆီ ရောက်လာတဲ့ နိုင်ငံခြားသတင်းထောက် အတော်များများရှိခဲ့ပြီး အခု မောင်ဒေးဗစ်ဟာ ABSDF ရဲ့ အတောက်ပဆုံး ကာလတွေ ကုန်ခါနီးမှ နောက်ဆုံးရောက်လာသူလို့တောင် ပြောနိုင်မယ်ထင်ပါတယ်။
အရင်နဲ့ကွာတာက အရင်ကဆိုရင် အင်အား ၁၀၀ ကျော် ၂၀၀ လောက်နဲ့သွားနေတဲ့ DAB စစ်ကြောင်းဆိုတော့ နဝတဘက်က အင်အား ၄၀၊ ၅၀ လောက်နဲ့ လာတိုက်မယ့် စစ်ကြောင်းကို ဂရုစိုက်စရာမလိုခဲ့ပါ။
အခု ကျနော်တို့စစ်ကြောင်းက DAB လည်းမဟုတ်၊ KNU နဲ့ ပူးတွဲစစ်ကြောင်းလည်းမဟုတ်။ ကျနော်တို့ တပ်တွေချည်း အင်အား ၃၀ ကျော် ၄၀ လောက်နဲ့ သွားရတဲ့ စည်းရုံးရေးစစ်ကြောင်းဆိုတော့ ကျနော်တို့နဲ့အတူ နိုင်ငံခြားသတင်းထောက် ပါလာတယ်ဆိုတာကို လုံး၀ သတင်းမပေါက်အောင် ထိမ်းထားရပါတယ်။
နောက်ထပ်တွေ့ရတဲ့ ထူးခြားချက်တခုကတော့ ရှေ့တန်းခရီးစဉ်အတွင်း “ဘာတွေကို အဓိက မှတ်တမ်းတင်ချင်တာလဲ” ဆိုပြီး မောင်ဒေးဗစ်ကို မေးတဲ့အခါ “မှတ်တမ်းတင်ဖို့ဆိုပြီး ဘာမှ တကူးတက လုပ်မပြပါနဲ့။ ခင်ဗျားတို့ နေ့စဉ်လုပ်နေကျအတိုင်း လုပ်နေတာကိုပဲ သဘာဝအတိုင်း မြင်ချင်ပါတယ်” လို့ သူက ဖြေပါတယ်။
“ကျနော်တို့ နေ့စဉ်ဘဝပုံက ဘာထူးမှာလဲဗျာ။ ဒီကောင် စိတ်ဝင်စားသွားအောင် နဝတ-စခန်းတခုကို ဝင်သိမ်းပြလိုက်ရင် ကောင်းမယ်ထင်တယ်” ဆိုပြီး တပ်မှူးငယ်တဦးက ဝင်ပြောတာကို ကျနော်အမှတ်ရနေပါတယ်။
အမှန်အတိုင်းဝန်ခံရရင် သတင်းထောက်ပေါက်စ ကျနော်ကိုယ်တိုင်လည်း အဲဒီကာလက အဲဒီ တပ်မှူးငယ်လိုပဲ အမြင်ရှိနေပါတယ်။ လူစိတ်ဝင်စားမယ့် လုပ်ကွက်တွေကို ထွင်ပြချင်နေပြီး ကျနော်တို့နေ့စဉ်ဘဝက ပရိသတ်အတွက် ဘာမှ စိတ်ဝင်စားဘွယ် မရှိဘူးလို့ ထင်နေခဲ့တာပါ။
ဒါပေမယ့် မောင်ဒေးဗစ်က ဒီလို လုပ်ကွက်ဖော်မယ်ဆိုတဲ့ကိစ္စကို လုံးဝကန့်ကွက်ပြီး ပုံမှန်သွားနေကျ၊ ပုံမှန်လုပ်နေကျအတိုင်းသာ လုပ်ပါ။ “အရိုးဆုံးက အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။ ဒါပေမယ့် ဗဟိုသတင်းစဉ်တွေ၊ မော်ကွန်းရုပ်ရှင်တွေနဲ့သာ ရင်းနှီးခဲ့ဖူးတဲ့ ကျနော်တို့၊ ဗီဒီယိုဆိုတာ ဇာတ်လမ်းဆင်ပြီး ရိုက်ထားတယ်လို့သာ နားလည်နေခဲ့တဲ့ ကျနော်တို့ စိတ်ထဲမှာတော့ သူပြောနေတဲ့ နေ့စဉ်လုပ်နေကျ ရိုးရိုးဘဝကို မှတ်တမ်းတင်မယ်ဆိုတာကို နားကိုမလည်ပါ။
———
(၂) ပြည်ခြား၊ လိပ်သောင်နဲ့ အက်ဒမန်ပင်လယ်ဆီ
ဒီလိုနဲ့ ငါးတက်ကျေးရွာ တောအုပ်ထဲရှိ ကိုလှဦးတို့အိမ်မှာ ရှေ့တန်းခရီးစဉ်အတွက် အသေးစိပ် ညှိနှိုင်းပြီးတဲ့နောက် ညနေ ၄-နာရီခန့်မှာ ကျနော်တို့စစ်ကြောင်း ငါးတတ်ကနေ ပြည်ခြားရွာဆီ စတင်ချီတက်လာပါတယ်။ မောင်ဒေးဗစ်ပုံကို လူဖြူမှန်းမသိအောင် မျက်နှာကို အိုးမဲသုတ်ပြီး အာရပ်တဦးလို စစ်ရောင်အဝတ်စနဲ့ ခေါင်းမြီးခြုံထားပေမယ့် “အဝေးက မြင်နိုင်သည်” ဆိုတဲ့ ပုံစံကတော့ ပေါ်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် ပြည်ခြားရွာ မဝင်ခင် ရေပူရွာ တောစပ်ထဲမှာ အမှောင်ပျိုးတဲ့အထိ စစ်ကြောင်းတခုလုံး “အိုခေါ့” (ခနရပ်တာကို ကရင်စကားနဲ့ ခေါ်တာဖြစ်ပြီး ရှေ့တန်းမှာ ဒီစကားက အတော်အသုံးများပါတယ်) လုပ်ရင်းနဲ့ ထိုင်စောင့်နေရပြီး ည ၆-နာရီကျော်မှ ရွာထဲဝင်ရပါတယ်။
ပြည်ခြားရွာအစွန် ချောင်းဘေးက ကွမ်းသီးခြံတခုထဲမှာ အဲဒီညက စခန်းချခဲ့ပါတယ်။ ကွမ်းသီးပင် ၂-ပင်ကြား စစ်ပုခက်ချည်ပြီး အိပ်ရတဲ့အရသာ အတော်ကောင်းပေမယ့် ခွေးတွေအရမ်းဟောင်နေလို့ တော်ရုံနဲ့ အိပ်မပျော်နိုင်ခဲ့ပါ။ မနက် ၄-နာရီလောက်မှာတော့ ပြည်ခြားရွာကနေ ထားဝယ်-မြိတ် ကားလမ်းမကို ဖြတ်ပါတယ်။
ကားလမ်းဆိုပေမယ့် မြို့ပြဒေသက ကားလမ်းတွေလို ကတ္တရာခင်း ထားတာမျိုးမဟုတ်ပါ။ မြေနီလမ်းအဆင့်ပဲ ရှိသေးတဲ့အတွက် အဲဒီမြေနီလမ်းပေါ်မှာ လူ ၅၀ ခန့်ရဲ့ခြေရာတွေ မကျန်အောင်ဆိုပြီး တပ်ခွဲမှူး ကိုလှဦးကိုယ်တိုင် သစ်ခက်တခက်နဲ့ လိုက်ဖျက်နေတာကို မြင်ယောင်နေ ပါတယ်။
ကားလမ်းမကနေ တောင်လေးတလုံးကိုကျော်၊ ကွင်းပြင်တခုထဲ ရောက်တော့ အရှေ့ဘက် မိုးကောင်းကင်မှာ အာရုဏ်တက်ပြီး နေရောင်လေး စထွက်လာနေပါပြီ။ ကင်မရာအမြင်ရှိတဲ့ မောင်ဒေးဗစ်က အဲဒီနေရောင်အောင်မှာ ကျနော်တို့အဖွဲ့ သွားနေတာကို အပီအပြင ်မှတ်တမ်းတင်ပါတယ်။
ကွင်းပြင်အလွန်မှာတော့ မူလတန်းကျောင်းတခုရှိတဲ့ ကမာအိုင်ဆိုတဲ့ ကရင်ရွာလေးတခုကို ရောက်ပါတယ်။ အဲဒီရွာက ကရင်အဖွားအိုတဦးရဲ့ အိမ်ဘေးမှာ ခေတ္တစခန်းချပြီး မနက်စာအတွက် ပြင်ပါတယ်။ ရဲဘော်တချို့ ဆန်ကြိုး (ရှေ့တန်းသွားတဲ့အခါ ဆန်ကို အထုပ်အပိုးနဲ့ သယ်ရခက်လို့ အချင်း ၃ လက်မ၊ အရှည် ၅ ပေလောက်ရှိတဲ့ ပိတ်စနဲ့ချုပ်ထားတဲ့ သိုင်းကြိုးထဲ ဆန်ထည့်ပြီး ရဲဘော်တဦးစီက တကြိုးစီ သယ်သွားရပါတယ်) ထဲက ဆန်တွေကို အိုးထဲလောင်းချနေတဲ့ပုံ၊
တွေ့သမျှ သစ်ကိုင်းသစ်ခက်တွေ ကောက်ယူမီးမွှေးနေတဲ့ပုံ၊ ငရုတ်သီးထောင်း၊ ကြက်သွန်နွှာလုပ်နေတဲ့ပုံ၊ အဲဒီအချိန်မှာ ကျနော်တို့ တာဝန်ရှိသူတွေက မြေပုံကြည့်၊ ရေဒီယို နားထောင်နေပုံ၊ ဘီဘီစီ မြန်မာပိုင်းကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘုထရို့ ဘုထရို့ ဂါလီက ဘာပြောတဲ့ဆိုတဲ့ အသံတွေကို မောင်ဒေးဗစ်က မှတ်တမ်းတင်ထားပါတယ်။
မနက်စာစားပြီး ခရီးဆက်ထွက်လာတော့ လယ်ထဲကုန်းဆိုတဲ့ ရွာငယ်လေးတခု၊ လယ်ကွင်းပြင်ကြီးတခုကို ဖြတ်ရပြီး စပါးကို သဘာဝလေနဲ့ သန့်စင်အောင်လုပ်နေကြတဲ့ လယ်သူမတစုကို တွေ့ရပါတယ်။ နောက်ထပ် လယ်ကွင်ပြင်တခုနဲ့ ပင်လယ်ရေတက်ချိန်မို့ ဗွက်အိုင်ကြီးဖြစ်နေတဲ့ လမုတောလို နေရာတခုကို ဖြတ်ပြီးတဲ့အခါမှာတော့ ကျနော်တို့ခရီးစဉ်ရဲ့ ဒီနေ့အတွက် ဦးတည်ချက် အက်ဒမန်ပင်လယ်ဘေးက လိပ်ဥသောင်ကျေးရွာကို ရောက်လာပါတယ်။
——————-
(၃) ထားဝယ်၊ ကရင်၊ မွန်ကျေးရွာများရှိတဲ့ဒေသ
ဒီနေရာတွေဟာ တပ်ခွဲမှူး ကိုလှဦးအပါဝင် ရဲဘော်အတော်များများ မကြာခန ရောက်ဖူးပြီးသား ဖြစ်ပေမယ့် စစ်ကြောင်းမှူးကြီး ကျနော်အတွက်တော့ မောင်ဒေးဗစ်နဲ့ သိပ်မထူးခြား။ အားလုံးဟာ အသစ်အဆန်း ဖြစ်နေပါတယ်။ သဲသောင်ပြင်နဲ့ အုန်းပင်တန်းတွေအောက်မှာ အခိုင်အမာဆောက်ထားတဲ့ အိမ်အကောင်းစားတွေကို တွေ့ရပြီး ပင်လယ်ကမ်းစပ်မှာလည်း အခိုင်အမာဆောက်ထားတဲ့ လှေဆိပ်နဲ့ ခေတ်မီ စက်လှေကြီးတွေကို တွေ့ရပါတယ်။
အဲဒီလှေဆိပ်ဘေးက လက်ဖက်ရည်ဆိုင်မှာ စစ်ကြောင်းတခုလုံး ဝင်အားပေးခဲ့ပါတယ်။ ပြီးတော့ ရွာသူကြီးကို ဆင့်ခေါ်ပြီး အဲဒီဆိုင်ထဲမှာပဲ တိုင်းရေးပြည်ရေး အခြေအနေ စကားပြောဆွေးနွေးပါတယ်။ ဒီရွာသူကြီးနဲ့ ရွာသူရွာသားတွေဟာ သူတို့ရွာက ဗွီဒီယိုရုံမှာ ညစဉ်ပြနေတဲ့ နိုင်ငံခြားဇာတ်ကားတွေကို ကြည့်နေကြဖြစ်ပေမယ့် နိုင်ငံခြားသားတဦးကိုယ်တိုင် သူတို့ရွာဆီ ရောက်လာတာကိုတော့ အခုမှ ပထမဆုံး မြင်ဖူးတာဖြစ်ပုံရပါတယ်။
အထူးအဆန်းအဖြစ် လာဝိုင်းကြည့်နေကြတဲ့အပြင် မောင်ဒေးဗစ်ကနေ သူတို့ကို ဗီဒီယိုရိုက်တာအခါ ပုံမှန်အတိုင်း မဟုတ်တော့ပဲ မလှုပ်မရှက် သတိဆွဲပြီး ရပ်နေသလိုဖြစ်သွားကြတာကိုလည်း ကျနော်သတိပြုမိပါတယ်။
ရွာထဲကို ဒီလိုပေါ်တင်ဝင်ပြီးရင်တော့ သတင်းက ဘယ်လိုမှထိမ်းမရနိုင်၊ ဒီတော့ တနာရီလောက် လိပ်ဥသောင်မှာ နေပြီးတာနဲ့ KNU တပ်တွေရှိရာ တောအုပ်ထဲက အုန်းတောရွာဖက် ကျနော်တို့ စစ်ကြောင်း ပြန်လှည့်ခဲ့ပါတယ်။ အဲဒီမှာ တညတာစခန်းချပြီး နောက်တရက်မှာတော့ ပြည်ခြားရွာထဲ ပြန်ဝင်ပြီး ခရစ်စ္စမတ်ပွဲ နွဲခဲ့ကြပါတယ်။
နွားလှည်းတွေစီးပြီး ပွဲလာကြတဲ့ ရွာနီးချုပ်စပ်ကလူတွေ၊ ရေခဲတုံးကို ရွေဖော်ထိုးတဲ့ခုံပေါ်တင်ပြီး တဂျစ်ဂျစ်ခြစ်၊ နို့ဆီဖြန်းပြီး ရေခဲခြစ်အဖြစ် စားနေကြတဲ့ ကလေးငယ်တွေရဲ့ ပုံတွေဟာ ကျနော်တို့အတွက် အထူးအဆန်း မဟုတ်ပေမယ့် နိုင်ငံခြားသားတဦး အမြင်မှာတော့ ၁၉ ရာစု မှာကျန်နေခဲ့တဲ့ အမေဇုန်တောထဲက လူရိုင်းရွာတခုဆီ ရောက်နေသလားလို့ ထင်ချင်ထင်နေနိုင်ပါတယ်။
နောက်တရက်မှာတော့ ပြည်ခြားကနေ ကားလမ်းမကို တခါပြန်ဖြတ်ပြီး ဝါးကုန်းဆိုတဲ့ မွန်ရွာလေးကို ကျနော်တို့ ခရီးဆက်ခဲ့ပါတယ်။ အဲဒီက ရပ်မိရပ်ဖ အိမ်တလုံးမှာ ရပ်ရွာအခြေနေကို မေးမြန်းခဲ့ပြီး အထူးသဖြင့် ရေး-ထားဝယ် ရထားလမ်း လုပ်အားပေးဒုက္ခကို ရွာသူမကြီးတဦးက အားရပါးရ ပြောပြတာကို အမှတ်ရနေပါတယ်။
ကျနော်တို့က အိမ်ပေါ်မှာ ရပ်မိရပ်ဖနဲ့ ဒီလိုစကားပြောနေချိန်မှာ စစ်ကြောင်းပြန်ကြားရေးအဖွဲ့ကတော့ ရွာဗွီဒီယိုရုံထဲဝင်ပြီး Beyond Rangoon ရုပ်ရှင်ကားကိုပြ၊ လူငယ်စည်းရုံးရေး လုပ်နေကြပါတယ်။ ပြန်ကြားရေးအဖွဲနဲ့ ပတ်သက်ပြီး သတိရတုန်း တခုထပ်ဖြည့်ပြောရရင် ရှေ့ပိုင်းအခန်းတခုမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ဗဟိုရုံးအဖွဲ့မှူး ဦးရီထွန်း တည်ထွင်ထားတဲ့ “ဖရောင်းစက္ကူ ကော်ပီကူး သစ်သားကိရိယာလေး” ကို တပ်ရင်းကနေ ရှေ့တန်းအထိ ကျနော်တို့ သယ်လာပါတယ်။
သယ်လာပြီး ရှေ့တန်းအခြေနေနဲ့ကိုက်ညီမယ့် လူထုပညာပေး ပိုစတာတွေ၊ ဆောင်းပါးတွေ၊ ကဗျာတွေကို ချက်ချင်း ဖရောင်းစက္ကူပေါ်ရေး၊ ချက်ချင်းလိမ့်၊ ချက်ချင်းဖြန့်တာကို ကျနော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျနော်နဲ့ ကိုကျော်ကျော် ရေးသမျှကို လက်ရေးလှလှနဲ့ ဖရောင်းစက္ကူပေါ် ရေးပေးသူကတော့ တပ်ရင်းပြန်ကြားရေးအဖွဲ့ဝင် ကိုသက်ဇော်ထွေး ဖြစ်ပါတယ်။
ဗွီဒီယိုပြ၊ စာရွက်ဖြန့် ပညာပေးမှုတွေ လုပ်ပြီးတဲ့အခါမှာတော့ ဝါးကုန်းရွာကနေခွာပြီး ပြည်ခြားချောင်းအနီးရှိ ရွာငယ်လေးတခုမှာ (ကထောင်းနီရွာလို့ ထင်ပါတယ်) စခန်းချ ညအိပ်ခဲ့ပါတယ်။
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၀) >>>>>
ထက်အောင်ကျော်