ထားဝယ်မြစ်ထဲတွင် မျောပါနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို ယနေ့ နိုဝင်ဘာလ ၂၂ ရက် ညနေ ၄နာရီခွဲခန့်တွင် တွေ့ရှိကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။
လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ ကူးတို့ဆိပ်အနီးရှိ ထားဝယ်မြစ်ထဲတွင် ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။





သေဆုံးနေသူမှာ အသက် ၄၀ ခန့်အရွယ်ဖြစ်ပြီး ခရမ်းရောင်အင်္ကျီနှင့် ဘောင်းဘီရှည် အမဲရောင်ဝတ်ဆင်ထားကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အလောင်းက မှောက်ခုံဖြစ်နေတယ်။ ပုပ်ပွပြီး အနံ့လည်းထွက်နေပြီဆိုတော့ ၄၈နာရီ (နှစ်ရက်) ကျော်နေပြီ” ဟု ၎င်းက ပြောဆိုသည်။
သေဆုံးသူ အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူက ယနေ့ ညနေ ၅နာရီခွဲခန့်တွင် ဆိုသည်။
အဆိုပါရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ဆယ်ယူပြီး ထားဝယ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။