ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
နိုဝင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ
သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ အနိုင်ရ
သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အနုရာ ကုမာရ (Anura Kumara Dissanayake) ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစု အနိုင်ရသွားပါတယ်။
အမျိုးသားပြည်သူ့အာဏာပါတီ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ ၃ ပုံ ၂ ပုံ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့တာပါ။
NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်နေရာ ၂၂၅ နေရာမှာ ၁၅၉ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲကတိအရ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားအကြွေးတွေ ပြန်မဆပ်နိုင်လို့ ဒေဝါလီခံခဲ့ရတဲ့အထိ အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
လက်ရှိမှာလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ချေးငွေ အစီအစဉ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။
Ref: AP
………………………………..
အိန္ဒိယမှာ ဆေးရုံမီးလောင်လို့ မွေးကင်းစ ကလေးငယ် ၁၀ ဦးသေဆုံး
အိန္ဒိယနိုင်ငံ ဥတာပရာဒရှ်ပြည်နယ်က ဆေးရုံတစ်ရုံက မွေးကင်းစ ကလေးငယ်တွေထားတဲ့အဆောင် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ကလေး ၁၀ ဦး သေဆုံးခဲ့ပါတယ်။
နောက်ထပ် ကလေးငယ် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။
ဆေးရုံထဲ မွေးကင်းစ ကလေးငယ် ၅၅ ဦးကို ကုသမှုပေးနေတဲ့ အဆောင်မှာ မီးချက်ချင်းလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။
အဲဒီအထဲက ကလေးငယ် ၄၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှု ပေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ထိခိုက်ခဲ့တဲ့ မိသားစုဝင်တွေကို အစိုးရက ကူညီပေးသွားမယ်လို့ ကြေညာခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
Ref: BBC
………………………………..
လေထုညစ်ညမ်းလို့ နယူးဒေလီမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ်
လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် နယူဒေလီမြို့မှာနိုဝင်ဘာလ ၁၈ ရက်နေ့က စာသင်ကျောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။
လမ်းတစ်လျှောက်ကိုလည်း ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါသေးတယ်။
မြို့တော်တဝိုက် မီးခိုးမြူတွေ ထူထပ်နေသလို မြို့ခံတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားပါတယ်။
လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ ဘေးကင်းမှုအဆင့်ထက် အဆ ၅၀ လောက် ပိုဆိုးနေတယ်လို့ သတ်မှတ်ခံထားပါတယ်။
Ref: AP
………………………………..
အမေရိကန်က ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီရန် ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်မယ်
အဆင်းရဲဆုံး တိုင်းပြည်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၄ ဘီလီယံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထည့်ဝင်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ဘီလီယံ ထည့်ဝင်ဖို့ ကတိပြုခဲ့တာပါ။
ဒါကို ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ G 20 ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
IDA က ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲတစ်ခုပါ။
အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ ဥတုရာသီဆိုင်ရာ စီမံချက်တွေ အပါအဝင် အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံချက်တွေအတွက် အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးပေးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။
Ref: REUTERS
………………………………..
ဟောင်ကောင်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄၅ ဦး ထောင်ဒဏ်ချမှတ်ခံရ
ဟောင်ကောင်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄၅ ဦးကို နိုင်ငံတော်ကိုနှောင့်ယှက်ဖျက်ဆီးမှုနဲ့ဟောင်ကောင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အမျိုးသားလုံခြုံရေးဥပဒေအရ အကြီးဆုံးအမှုဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုထောင်ဒဏ်ချမှတ်လိုက်တာပါ။
လှုပ်ရှားသူတွေဟာ ဟောင်ကောင်အစိုးရ လုပ်ငန်းတွေလည်ပတ်လို့မရအောင် စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
သူတို့က အုပ်ချုပ်ရေးမှူးတွေကို နုတ်ထွက်အောင် ဖိအားပေးခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတည်းက အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက နှိမ်နှင်းခဲ့ပါတယ်။
Ref: Aljazeera
………………………………..
ရုရှားလက်နက်သိုလှောင်ရုံကို တိုက်ခိုက်နိုင်ဟု ယူကရိန်းဆို
ရုရှားနိုင်ငံထဲက လက်နက် သိုလှောင်ရုံတွေကို အမေရိကန်ထုတ် ဒုံးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားလိုက်တယ်။
အမေရိကန်ရဲ့ တာဝေးပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေ ချထားပေးပြီးနောက်ပိုင်း တိုက်ခိုက်မှုကိုထုတ်ဖော်လာတာပါ။
ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်လာတဲ့ ရက်ပေါင်း ၁၀၀၀ ပြည့်လာချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုခွင့် ပေးလိုက်ပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းဘက်က အမေရိကန်ထုတ် ဒုံးကျည် ၆ စင်းနဲ့ တိုက်ခိုက်မှုကြောင့်Bryansk က အဆောက်အအုံ တခုကို ထိမှန်ခဲ့တယ်လို့ ဆိုထားပါတယ်။
ပေါက်ကွဲသွားတဲ့ ဒုံးကျည်တွေထဲက အပျက်အစီးတွေကြောင့် စစ်တပ် အဆောက်အဦး မီးကူးလောင်ခဲ့ပြီး ထိခိုက် သေဆုံးမှုမရှိဘူးလို့ ရုရှားဘက်က တုံ့ပြန်ပါတယ်။
Ref: AP
………………………………..
အိန္ဒိယကုမ္ပဏီတစ်ခုကို အမေရိကန် တရားစွဲ
အိန္ဒိယနိုင်ငံက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ထဲက တစ်ဦးဖြစ်တဲ့ စီးပွားရေးသမား ဂွမ်တန်အာဒီနီ ကို ရင်းနှီးမြှုပ်နှံတဲ့သူတွေကို လိမ်လည်လှည့်ဖြားတယ်လို့ဆိုပြီး အမေရိကန်ပြည်ထောင်စုကတရားစွဲလိုက်ပါတယ်။
နေရောင်ခြည်စွမ်းအင် စီမံကိန်းအတွက် အာဏာပိုင်တွေကို အမေရိကန်ဒေါ်လာ သန်း ၂၅၀ကျော်ဖိုးလောက် လာဘ်ထိုးခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။
ဒါကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုပြောဖို့ ပျက်ကွယ်ခဲ့တယ် ဆိုပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။
သူနဲ့အတူ ကုမ္ပဏီက နောက်ထပ်ပတ်သက်သူတွေ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စီမံကိန်းတွေလည်း စွဲချက်တင်ခံထားရပါတယ်။
ကုမ္ပဏီဘက်ကတော့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် လာဘ်ထိုးခဲ့တယ်ဆိုပြီး အမေရိကန်က တရားစွဲတာဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
Ref: BBC
………………………………..
အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကို ICC ဖမ်းဝရမ်းထုတ်
အစ္စရေးက ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က နိုဝင်ဘာ ၂၁ ရက်နေ့က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
၂၀၂၃ အောက်တိုဘာ ၈ ရက်ကနေ ၂၀၂၄ မေလ ၂၀ ရက်နေ့အထိ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် ဖမ်းဝရမ်းထုတ်ခံရတာပါ။
ICC တရားရုံးဟာ အဓိပ္ပာယ်မရှိ ဖမ်းဝရမ်းတွေထုတ်ပြန်ပြီး တရားရုံးရဲ့ တရားဝင်မှု မရှိအောင်လုပ်နေတယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို စစ်ဆင်ခဲ့လို့ ကလေးငယ်အမြောက်အများအပါအဝင် ပါလက်စတိုင်းပြည်သူတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။
Ref: Aljazeera
………………………………..
ပါကစ္စတန်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၄၂ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက အာဖဂန်နစ္စတန် နယ်စပ်နားမှာ အကြမ်းဖက်သမားတွေက ခရီးသည်ယာဉ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၄၂ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့က တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တာပါ။
သေဆုံးသူ တွေထဲမှာ လုံခြုံရေးတာဝန်ယူထားသူတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်းပါဝင်ခဲ့ပါတယ်။
သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာ မသိရသေးပါဘူး။
ဒီဒေသဟာ ဒေသခံ လက်နက်ကိုင် ရှီယာ နဲ့ ဆူနီ မွတ်စလင် တိုင်းရင်းသားတွေကြား လူမျိုးရေးအဓိကရုန်း မကြာမကြာ ဖြစ်ပွားတဲ့နေရာလည်း ဖြစ်ပါတယ်။
Ref: Aljazeera
………………………………..