နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ခံအမျိုးသမီးတစ်ဦး (တနင်္သာရီမြို့နယ်)
ပွင့်လင်းရာသီအစတွင်ပင် စစ်ကောင်စီတပ်၏ ရက်ရှည်စစ်ကြောင်းထိုးမှုများကြောင့် တိုင်းအတွင်းစစ်ရေးပိုမိုပြင်းထန်လာနေပြီး စစ်ဘေးရှောင်များလည်း ပိုမိုများပြားလာသည်။
အထူးသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်များ ပိုများလာနေသလို၊ ဒေသအချို့တွင် ရိက္ခာသယ်ယူရ ခက်ခဲသည့်အခြေအနေ၊ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရသည့် အခြေအနေများလည်း ရှိနေသည်။
ယင်းအခြေအနေတွင် ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သဖြင့် ရာသီအကူးအပြောင်း ဖျားနာမှုများအပြင် ရာသီရောဂါများလည်း ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်များအတွက် ဆေးဝါးအကူအညီများလည်း အလွန်လိုအပ်နေသည်။
ရိက္ခာအခက်အခဲပင် ပြေလည်မှုမရှိသေးသည့် အခြေအနေတွင် ဆေးဝါး၊ အဝတ်အထည် စသော အခြားလိုအပ်ချက်များလည်း ထပ်တိုးလာနေသည်။
စစ်ဘေးရှောင် အကူအညီပေးနေသူများမှာလည်း တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ အခြားအခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
ယင်းကြောင့် ပုလောနှင့် တနင်္သာရီ ဒေသမှစစ်ရှောင်များ၏ အခြေအနေနှင့် အကူအညီပေးနိုင်မှု အနေအထားကို သိရှိနိုင်စေရန်အတွက် နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့၏ အဖွဲ့တာဝန်ခံတစ်ဦး (တနင်္သာရီမြို့နယ်)ကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။
DW ။ လက်ရှိ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေက ဘယ်လိုနေရာမျိုးတွေမှာ နေထိုင်နေကြတာလဲ။
ဖြေ ။ အခုစစ်ဘေးရှောင်တွေက နေရာပြန့်ကျဲပြီးတော့ နေနေကြတယ်။ တစ်နေရာတည်း စုပြီးနေနေကြတာဆိုရင် စွယ်ချောင်း၊ ကျောက်လုံးကြီးတို့မှာလို တစ်ရွာတစ်လေပဲ ရှိနေတယ်ပေါ့နော်။ Camp ပုံစံမျိုး ရှိနေကြတယ်ပေါ့ကွယ်။ ကျန်တဲ့ ဘန်လောကနေ တကူ၊ သာရဘွင်အထိ ရှိနေတဲ့ စစ်ဘေးရှောင်တွေကျတော့ တိုက်ပွဲတွေ တအားပြင်းထန်ကြတယ်လေ။ ပြီးတော့ နယ်မြေက အမဲရောင်နယ်မြေလေ။ ဆိုတော့ စစ်ဘေးရှောင်အများစုက မနေရဲကြဘူး။ အခြားနေရာပြောင်းပြီး ရွှေ့ပြီးတော့ နေနေကြတဲ့သူတွေလည်း ရှိကြတယ်။ ဥပမာ တကူဘက်ကတွေ မြိတ်မှာသွားနေကြတဲ့သူတွေလည်း ရှိကြတယ်။ ဒီလိုဆိုတော့ အိမ်တွေက လစ်လပ်သွားတယ်။ အဲလို လစ်လပ်နေတဲ့ အိမ်တွေမှာ စစ်ဘေးရှောင်တွေကို လိုက်ထားပြီး နေနေကြရတယ်။ အဲလိုမျိုးတွေပေါ့။
DW ။ ဆောင်းရာသီရောက်လာပြီဆိုတော့ တနင်္သာရီဘက်မှာ စစ်ဘေးရှောင်တွေအတွက် အဓိက လိုအပ်ချက်တွေက ဘာတွေရှိလဲ။
ဖြေ ။ လိုအပ်ချက်ဆိုတာထက် လိုအပ်မှုလို့ ပြောမှ ရမယ်ပေါ့နော်။ လိုအပ်ချက်ကျတော့ အစစအရာရာ အကုန်လုံးမှာ လိုအပ်နေတာဆိုတော့။ လိုအပ်ချက်ကတော့ လူတိုင်း အကုန်လုံးမှာ လိုတယ်။ မိုးတုန်းကလည်း မိုးရာသီအလိုက် ဆောင်းရောက်လာတော့လည်း ဆောင်းရာသီအလိုက်ပဲ။ လိုအပ်ချက်တွေကတော့ အများကြီးပဲ။ အဓိကကတော့ အစားအစာ၊ ဆေးဝါးပေါ့။ ပြီးတော့ အနွေးအထည်တွေလိုတယ်။ ပြီးတော့ ဒီမှာ ဖြစ်နေတဲ့ ရာသီအကူးအပြောင်း တုပ်ကွေးအတွက် ဆေးဝါးတွေလိုတယ်။ ရာသီအကူးအပြောင်းကာလ ဝမ်းသွားနေကြလို့ ဝမ်းနဲ့ပက်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေ၊ ဆေးဝါးထောက်ပံ့မှုတွေ၊ ပြီးပြည့်စုံတဲ့ ဆေးဝါးကုသခွင့်တွေလိုတယ်။ ပြီးတော့ သန့်ရှင်းတဲ့ အဝတ်အစား၊ အနွေးအထည်တွေ လိုတယ်။ အဓိကကတော့ ကျန်းမာရေးကောင်းဖို့ အာဟာရရှိတဲ့ အစားအသောက်တွေ အစားအစာတွေ လိုတယ်ပေါ့ကွယ်။
DW ။ မိုးအကုန် ဆောင်းအကူးကာလမှာ စစ်ဘေးရှောင်တွေ အဓိက ကြုံရလေ့ရှိတဲ့ ရောဂါအမျိုးအစားတွေက ဘာတွေလဲ။
ဖြေ ။ မိုးကုန်လို့ ဆောင်းဝင်တာဆိုတော့ စစ်ဘေးရှောင်တွေက နှာစေး၊ ချောင်းဆိုးတွေ ဖြစ်နေကြတယ်။ နောက် ရာသီအကူးအပြောင်းကြောင့် ဝမ်းလည်း သွားနေကြတယ် (ဝမ်းလျှောနေကြတယ်)။ နောက်တစ်ခုက ရာသီတုပ်ကွေးပေါ့နော်။ ပြီးတော့ မိုးကနေ ဆောင်းရောက်လာလည်း သွေးလုပ်တုပ်ကွေးတွေ ဆက်ဖြစ်နေကြတုန်းပဲ။ အများဆုံးကတော့ ရာသီတုပ်ကွေးက ၄၀ (ရာခိုင်နှုန်း)၊ သွေးလွန်တုပ်ကွေးက ၂၀ (ရာခိုင်နှုန်း)၊ ဝမ်းသွားနေကြတာက ၂၀ (ရာခိုင်နှုန်း)၊ ငှက်ဖျားက ၁၀ (ရာခိုင်နှုန်း)၊ ကျန်တာတွေပေါ့။
DW ။ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးလိုအပ်ချက်အခြေအနေလေး သိချင်ပါတယ်။ နောက်ပြီး ကုသမှုပိုင်းတွေမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေက ဘာတွေ ရှိနေလဲ။
ဖြေ ။ ဆေးကတော့ အရေးပေါ်လူနာသုံးဖို့ဆို နည်းနည်းပါးပါး စုဆောင်းထားတာမျိုးတော့ ရှိတယ်။ အဲဒါတွေက အရေးပေါ် လူအနည်းအကျဉ်းတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့် လူအများကြီးဖြစ်လာတဲ့အခါကျတော့ ဆေးတွေက လုံလောက်မှု မရှိတော့ဘူး။ ဆေးတွေက လုံလောက်မှု မရှိလို့ ဆေးဝါးတွေက ကြန့်ကြာနေတယ်။ ကြန့်ကြာနေတဲ့ အနေအထားမှာဆိုတော့ ဝမ်းသွားနေတဲ့သူ သွေးလွန်တုပ်ကွေးသမားတွေအတွက် အရေးပေါ် ဓါတ်ဆားဖျော်နည်းတွေ သင်တန်းပေးထားတာမျိုး ရှိတယ်။ သကြား ၆ ဇွန်း၊ ဆား ၅ ဇွန်းလို အရေးပေါ် ဓါတ်ဆားဖျော်နည်းတွေ ဝမ်းသွားတဲ့အခါ သောက်ရမယ့် ဟာတွေကို ကိုယ့်ဘာသာကို အရင်ကာကွယ်ပြီးနေဖို့ပေါ့။ အိမ်မှာဆို ကိုယ့်ဟာကိုယ်ဆရာတစ်ဆူလို မြင်ပေးနေရမယ်ဆိုတဲ့အကြောင်းပေါ့။ ဓါတ်ဆားဖျော်နည်းအပြင် ကျန်းမာအောင် ဘယ်လိုနေရမယ်။ သန့်သန့်ရှင်းရှင်း ဘယ်လိုမျိုးနေရမလဲ ဆိုတာမျိုးတွေကို အရေးပေါ် အဲလိုလုပ်ပေးထားတယ်ပေါ့နော်။ သူတို့အိမ်မှာလည်း သင်ပေးထားတယ်ပေါ့ကွယ်။ စစ်ဘေးရှောင်တွေကို။ နောက်ပြီး တအားအဖြစ်ဆိုးနေတာမျိုးဆိုရင် ဆေးခန်းကို ခေါ်ဆောင်ပေးတယ်။ ဒီမှာက ဆေးခန်းရှိတယ်လေ။ ဆေးခန်းကို ခေါ်ဆောင်ပြီးမှ ဆေးဝါးကုသမှုတွေ ခံယူကြတယ်။ ဒီမှာမနိုင်ဘူးဆိုမှ မြို့ပေါ်တွေ သွားကြတာပေါ့ကွယ်။
DW ။ ဆောင်းရာသီမှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဘာတွေ လိုအပ်မှုရှိလဲ။ သူတို့လိုအပ်မှုကို ဖြည့်ဆည်းပေးဖို့ရော ဘယ်လို အခက်အခဲရှိလဲ။
ဖြေ ။ တအားလိုတာများနေတယ်ဆိုတော့ ပြန်ဖြေရတာတောင် ပင်ပန်းနေတယ်။ ဒီဘက်မှာကျတော့လေ အစစအရာရာ ကုန်ဈေးနှုန်းတွေက တစ်အားကြီးနေတယ်။ ဥပမာ လကုန် ဓမ္မတာလာတာတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက အရင်ကထက် ဈေးတွေ အဆမတန်ကြီးလာတယ်ကွယ်။ အရင်ကဆို တစ်ထုပ်လုံးကိုမှ တစ်ထောင်ကျော် နှစ်ထောင်လောက်နဲ့ ဝယ်နေရတာကို အခုဆို နည်းနည်း ပိုကောင်းမယ့် ဟာတွေကို သုံးရမယ့် အနေအထားတွေ ဖြစ်လာတယ်ဆိုတော့ ၆၀၀၀၊ ၇၀၀၀ လောက် ဖြစ်လာပြီလေ။ ဒီဘက်ရောက်နေတဲ့ ဈေးတွေကို ပြောပြတာ။ ဒီဟာတွေကအစ လိုအပ်တယ်ဆိုတော့ ပြောပြလို့တောင် မတတ်တော့ဘူးကွယ်။ လိုတဲ့ဟာတွေက အမျိုးသမီးရော အမျိုးသားရော မိသားစုတစ်စုလုံးက လိုအပ်ချက်တွေ အများကြီးပဲရှိတယ်။ လိုအပ်ချက်တွေကို ကျွန်မတို့က လိုအပ်နေတယ်ဆိုပြီးတော့ အများကြီး ဝယ်ဖို့ကလည်း ကျွန်မတို့ စစ်ဘေးရှောင်တွေကလည်း (ငွေကြေး) ရှိလည်း မရှိကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်ပေါ့။ အလုပ်အကိုင်ကလည်း သူများတွေလို ပေါ်ပေါ်ထင်ထင် လိုက်လုပ်လို့ရတဲ့ အနေအထားမှာ မရှိနေဘူး။ အဲလို လိုက်လုပ်ပြန်ရင်လည်း စစ်ကောင်စီဘက်က ဖမ်းဆီးဦးမယ်။ ဒါကြောင့် အလုပ်က တအားလုပ်လို့ မရဘူး။ အလုပ်မရှိလို့ဆိုပြီး မလုပ်လို့က မရပြန် မိသားစုတွေဘက်မှာကလည်း အခက်အခဲတွေက အများကြီးပဲ။ ပြောပြလို့တောင် မတတ်တော့ဘူး။
DW ။ စစ်ဘေးရှောင်အဖွဲ့အနေနဲ့ရော စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့နေရာမှာ အဓိက ကြုံလေ့ရှိတဲ့ အခက်အခဲတွေက ဘာတွေဖြစ်လဲ။
ဖြေ ။ ကြုံတွေ့ရတဲ့ အခက်အခဲကတော့ ကျွန်မတို့က စစ်ဘေးရှောင်အရေးကိုပဲ ရှေ့ရှုပြီးတော့ သွားရတဲ့ အနေအထားဖြစ်တယ်။ အဲလိုအနေအထားမှာ တစ်ချို့နေရာတွေမှာ ကိုယ်က အခြေအနေတွေ မသိကြဘူး။ ကိုယ်က စစ်ဘေးရှောင်တွေကိုပဲ ကူညီဖို့သွားတယ်။ တိုက်ပွဲဖြစ်နေတာမျိုး သတင်းတွေမျိုးကို ကိုယ်တွေ မသိဘူး။ မိုင်းဆွဲတာ တိုက်ပွဲဖြစ်တာမျိုးတွေပေါ့။ ဘယ်ရွာမှာ ဘယ်လိုဖြစ်နေတာမျိုးကို စစ်ဘေးရှောင်အရေးကို လုပ်နေတဲ့သူတွေက ကြိုပြီးတော့ မသိနိုင်ဘူး။ မသိတော့ ဒီလိုသွားတဲ့ လာတဲ့နေရာတွေမှာ ကိုယ့်အတွက် အန္တရာယ်ရှိလာတယ်။ ဒါက ကျွန်မတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်။ မပြောနိုင်ဘူးလေ။ သွားရင်းလာရင်း ဒုံးချပြီးပဲ လာထိသွားမလား။ တိုက်ပွဲကြားမှာပဲ ကိုယ်တွေ သွားရောက်နေမလားဆိုတာ မသိနိုင်ဘူး။ မြေပြင်ရောက်မှပဲ ဒီနေရာမှာ ဒီလိုဖြစ်နေပါလားဆိုတာမျိုး ကိုယ်တွေသိရတယ်။ အဲဒါက အရေးကြီးဆုံး ပထမတစ်ချက်ပဲ။
ဒုတိယတစ်ချက်ကတော့ စစ်ဘေးရှောင်တွေက တဖြည်းဖြည်းနဲ့ တိုးလာနေတယ်ကွယ်။ ကိုယ့်မှာ အရင်တစ်လတုန်းက စစ်ဘေးရှောင်က ဟိုးတစ်နေရာမှာ ၅၀ ခွဲခွဲပြီးတော့ နေကြတာ။ တစ်နေရာတည်းမှာ စုပြီးနေနေကြတာမျိုးက ၂၀၀ ကျော်က ဒီဘက်မှာ တစ်နေရာပဲရှိတယ်။ ကျန်တဲ့ နေရာတွေမှာကတော့ ၁၀၊ ၂၀၊ ၃၀ လောက် ခွဲနေကြတယ်။ အချို့နေရာတွေမှာဆိုရင် စစ်ဘေးရှောင်တွေ ထပ်တိုးလာတာမျိုးရှိတယ်ဆိုတော့ ကိုယ့်မှာ ပစ္စည်းတွေ ရိက္ခာတွေက မလောက်တော့ဘူး။ မလောက်တော့ ပိုပြီးတော့ ထောက်ပံ့ပေးရတဲ့ အနေအထားတွေမျိုး ရှိလာတယ်။ စစ်ဘေးရှောင်တွေက လာပြောပြတယ်။ အရင်တစ်လက သူတို့မရဘူး။ အခုတစ်လ သူတို့မရဘူး တအားပင်ပန်းနေပြီတို့ပေါ့။ ရထားတဲ့သူတွေကျတော့လည်း သူတို့ အမျိုးတွေက ထပ်လာလို့ ဖဲ့ပေးရတာမျိုးပေါ့။ ဒါမျိုး ရိက္ခာပိုင်းလည်း စိန်ခေါ်မှုတစ်ခုပဲ။ ကိုယ့်မှာက ဘတ်ဂျက်က အတိအကျနဲ့ အလှူရှင်တွေကလည်း နည်းတယ်လေ။ တစ်လမှာ လူဦးရေဘယ်လောက်အတွက်ပဲ ရည်ရွယ်ထားတာမျိုး။ ကိုယ့်မှာ ၅၀ လောက်လုပ်လိုက်ရင် ဟိုးမှာ စစ်ဘေးရှောင်က ၁၀၀ လောက်ဖြစ်နေကြပြီ။ အဲဒါတွေကလည်း စိန်ခေါ်မှုတွေပဲ။
DW ။ ဖြည့်စွက်ပြီး ဘာထပ်ပြောချင်လဲ။
ဖြေ ။ ကိုယ်တွေက စစ်ဘေးရှောင်အရေး ထဲထဲဝင်ဝင်ကူညီနေတာပဲ။ ဒီလိုမျိုး လိုအပ်တာတွေ မေးလာရင် ဖြေလို့တောင် မတတ်တော့။ များနေလို့။ တစ်ခုတော့ တောင်းဆိုချင်တာမျိုးရှိတယ်။ ကျွန်မတို့ စစ်ဘေးရှောင်တွေမှာက ကျွန်မတို့မှာ ဘတ်ဂျက်တွေက နည်းနည်းလာတော့ ခြေလှမ်းတွေ သွက်သွက်သွားချင်တဲ့ နေရာဆို နည်းနည်း နှေးနှေးလာနေတယ်။ ဒါကြောင့် မီဒီယာအပိုင်းတွေကနေ စစ်ဘေးရှောင်တွေအရေးကို နည်းနည်းဆွဲခေါ်ပြီး ဖော်ပြပေးဖို့ ပြောပြချင်ပါတယ်။