BREAKING
December 22, 2024

မြိတ်အကျဉ်းထောင်တွင် ဆေးဝါးပို့မှုကန့်သတ်ထား၍ အကျဉ်းသားများ ကျန်းမာရေးအခက်ကြုံ

November 22, 2024

ဓာတ်ပုံ - စစ်ကောင်စီ၏ မြဝတီဝဘ်ပေါ်တယ်

မိသားစုဝင်များက ဆေးဝါးပို့ပေးခြင်းကို မြိတ်အကျဉ်းထောင် အာဏာပိုင်များက ကန့်သတ်ထားသည့်အတွက် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

အကျဉ်းသားများကို ဆေးဝါးပေးပို့ခြင်းကို ယခုနှစ် စက်တင်ဘာလတွင် စတင်တင်းကျပ်လိုက်ပြီး လက်ရှိတွင် အကျဉ်းသားများအတွက် ဆေးဝါးပေးပို့ခြင်းကို လုံးဝတားမြစ်လိုက်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ဆိုသည်။

ထောင်အာဏာပိုင်များက အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများကို ထောင်အတွင်းရှိ ဆေးပေးခန်းတွင်သာ ဝယ်ယူခွင့်ပြုနေကြောင်း ထောင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“အကျဉ်းထောင်ဆေးပေးခန်းက လိုအပ်တဲ့ဆေးတွေကို သူတို့ဆီဝယ်ရမယ်လို့ပြောတယ်။ အိမ်ကလာပို့တာကို ခွင့်မပြုတော့ဘူး။ ဆေးပေးခန်းကနေတစ်ဆင့် ဆေးဗိုလ်ကိုပြောပြီး ဆေးဗိုလ်ဆီက ပြန်ဝယ်ရတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ မကန့်သတ်မီကမူ အကျဉ်းသားများ ဆေးဝါးလိုအပ်ပါက ထောင်အတွင်းရှိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူက လက်မှတ်ထိုးပေးပြီး အကျဉ်းသားမိသားစုက ထောင်ဝင်စာလာပို့သည့်အချိန်တွင် ယင်းလက်မှတ်ဖြင့် ဆေးသွင်းခွင့်ပြုနေခြင်းဖြစ်သည်။

လက်ရှိတွင်မူ အကျဉ်းထောင်ဆေးဘက်ဆိုင်ရာတာဝန်ရှိသူက လက်မှတ်ထုတ်မပေးဘဲ ၎င်းထံတွင်သာ ဆေးဝယ်ခိုင်းနေကြောင်း၊ လက်မှတ်မပါဘဲ ဆေးပို့ပေးသည်ကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာအဆောင်မှူး၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရကြောင်း အကျဉ်းသားဟောင်းအချို့က ဆိုသည်။

ဆေးဝါးဝယ်ယူသုံးစွဲနေရသည်မှာ အဆင်မပြေဖြစ်နေခြင်းကြောင့် ဆေးဝါးတင်ပို့ခွင့် ကန့်သတ်လိုက်ခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။

“ငါ့(ထောင်ဆေးဝန်ထမ်း)ဆိုင်က ဝယ်မှ ဆေးလက်မှတ်ရေးမယ်ဆိုတာက ဆေးဝါးသုံးခွင့်ကို အလွဲသုံးစားလုပ်တယ်လို့ ပဲမြင်တယ်” ဟု အထက်ပါ CDMဆေးဝန်ထမ်းက ပြောသည်။

မြိတ်အကျဉ်းထောင်တွင် အမျိုးသားအဆောင်၅ ဆောင်နှင့် အမျိုးသမီးအဆောင် ၁ ဆောင်ရှိကာ အကျဉ်းသူအကျဉ်သား တစ်ထောင်ကျော်ရှိကြောင်း ထောင်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။