BREAKING
December 22, 2024

စစ်ကောင်စီတပ်သား ၁၀ ဦး ပြည်သူ့ကာကွယ်ရေးတပ်များထံ ဘက်ပြောင်း

November 22, 2024

စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသူများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး ထားဝယ်ခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးရှိနေပြီဖြစ်သည်။

မွန်- တနင်္သာရီအစပ်တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနစစ်ကြောင်းထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းစစ်ကြောင်းက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဘက်ပြောင်းလာသူများထဲတွင် ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သား ၅ ဦးနှင့် တောင်ပိုင်းရေတပ်ကွပ်ကဲရေးဌာနက ရေတပ်သားတစ်ဦးပါဝင်သည်။

အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ ဘက်ပြောင်းလာသူ ငါးဦးစလုံးမှာ စစ်မှူးထမ်း သင်တန်းဆင်းထားသူများဖြစ်သည်။

ယင်းအပြင် သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၀၃ မှ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၆၇ မှ တပ်သားတစ်ဦးလည်း ပြည့်သူ့ကာကွယ်‌ရေးတပ် ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာကြောင်း နိုဝင်ဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၈၂ မှ တပ်သားတစ်ဦးသည်လည်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံသို့ ဘက်ပြောင်းလာကြောင်း ယင်းတပ်က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

၎င်းတပ်သားမှာ စစ်မှုထမ်းအဖြစ်စုဆောင်းခံရပြီး ထွက်ပြေးလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ စစ်မှုထမ်းအဖြစ်စုဆောင်းခံရပြီး လောင်းလုံးမြို့နယ် ကျောက်နီမော်တာဝါတိုင်စခန်းတွင် တာဝန်ကျသူတစ်ဦးလည်း ဒေသတွင်း ပြည်သူ့ကာကွယ်‌ရေးတပ်ဖြစ်သည့် နွေဦးပြောက်ကျားတပ်ထံသို့ ဘက်ပြောင်း ခိုလှုံခဲ့သည်။

၎င်းမှာ ကော့သောင်းမြို့တွင် နေထိုင်ရာမှ စစ်မှုထမ်းရန် စုဆောင်းခံရပြီး စစ်ကောင်စီတပ်နှင့်အတူ ၈ လအကြာ‌နေခဲ့ရပြီးနောက် ထွက်ပြေးလာခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူ ဆယ်ဦးအနက် ၇ ဦးမှာ စစ်မှုထမ်းရန် စုဆောင်းခံရသူများဖြစ်ပြီး ကျန် ၃ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်။

ယင်းထွက်ပြေးလာသူများကို သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆုငွေများပေးပြီး ‌လုံခြုံသည့်အရပ်သို့ ပို့ဆောင်ပေးထားကြသည်။

ဘက်ပြောင်းခိုလှုံလာသူများနှင့်အတူ အမျိုးအစားစုံ သေနတ် ၆ လက်၊ ကျည်ဘောက် ၁၄ ခု၊ အမျိုးအစားစုံကျည် ၄၄၈ တောင့်၊ ဗုံးသီး ၂ လုံးကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ သိမ်းဆည်းရရှိခဲ့ကြသည်။