BREAKING
January 13, 2025

ထားဝယ်ဒေသတွင် ဆားရောင်းအားကျ

November 22, 2023

ထားဝယ်ဒေသတွင် ဆားရောင်းအားကျ သိသိသာသာလျော့ကျနေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

ဆားအသုံးပြုမှုများသည့် ငါးဆားထိုးလုပ်ငန်း၊ လှေလုပ်ငန်းများနှင့် ငပိ၊ ငါးခြောက်လုပ်ငန်းအချို့ ရပ်နား ထားကြသဖြင့် ဆားအရောင်းအဝယ်ကျဆင်းလာကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ ရွှေပြည်သား ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ဆိုသည်။

မိမိကွင်းက ထွက်သည့် ဆားမှာ ဈေးကွက်လိုအပ်ချက် မလုံလောက်သဖြင့် မွန်ပြည်နယ်၊ ပင ဘက်က ဆားကို ပြန်လည်ဝယ်ယူပြီး ဖောက်သည်များကို နှစ်စဉ်နီးပါး ဖြည့်ပေးခဲ့ရသော်လည်း ယခုနှစ်တွင် မိမိကွင်းက ထွက်သည့် ဆားပင်ရောင်းမကုန်ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

“ခါတိုင်းနှစ် ဒီအချိန်ဆို ဆားကုန်သလောက်ဖြစ်နေပြီ။ အခုက ပိဿာချိန် ငါးသိန်းလောက် ကျန်သေး တယ်။ ဟိုတုန်းက အိတ် ၁၀၀ ယူရင် အခု အိတ် ၅၀ လောက်ပဲယူတာမျိုးပေါ့။ မြိတ်ဘက်ကဆို မဝယ်သလောက် ဖြစ်သွားပဲ။ ပုလောဘက်က ဆားမှာတာ တင်ပေးမယ့်ကားမရှိလို့ မတင်ပေးရဘူး” ဟု ဦးသန်းဝင်းက ပြောသည်။

တိုက်ပွဲများကြောင့် လမ်းခရီး မလုံခြုံသဖြင့် ဆားဝယ်ယူနေကျ ဖောက်သည်များ မလာကြတော့ကြောင်းလည်း ဆားလုပ်ငန်းရှင်အချို့က ပြောဆိုသည်။

ဆားလာဝယ်သူများ၏ ပြောဆိုချက်အရ တိုက်ပွဲကြောင့် နယ်ဘက်ရှိ ကျေးရွာများတွင် ထွက်ပြေး တိမ်းရှောင်မှု များလာပြီး လူသူနည်းပါးခြင်းကြောင့် အရောင်းအဝယ်ကျသည်ဟု ဆိုကြောင်း ဆားလုပ်ငန်းရှင်အချို့က ဆိုသည်။

“ဆားကဒ်ထဲမှာ ဆားတွေအများကြီးကျန်သေးတယ်။ ဆားအရောင်းအဝယ်မကောင်းလို့ ဒီနှစ် ဆား မထုတ်တော့ဘူး။ တချို့လူတွေလည်း နားတဲ့လူတွေ နားကြတယ်။ အခုက အသွားအလာလည်း သိပ်မရှိကြဘူး။ ရွာတွေလည်း လူသိပ်မရှိဘူး။ ဥယျာဉ်ခြံသမားတွေလည်း ထိုင်းရောက်နေကြတော့ သူတို့ ဥယျာဉ်ထဲ ဆားထည့်ဖို့ မစဉ်းစားအားကြတော့ဘူး” ဟု သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာက ဆားလုပ်တောင်သူ မမြင့်စန်းက ပြောသည်။

ဆားစျေးမှာ နေလှန်းဆား တပိဿာ ၃၃၀ ကျပ်၊ မီးချက်ဆား တပိဿာ ၅၀၀ ကျပ် စျေးရှိသည်။

ဆားလုပ်ငန်းအတွက် အလုပ်သမားငှားရ ခက်ခဲလာသလို လုပ်ငန်းကျွမ်းကျင်မှုအလိုက် တစ်ရက်လုပ်အားခ ၁၂၀၀၀ ခန့်အထိပေးရပြီး စက်သုံးဆီဈေးနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်ကြောင်း ဆားလုပ်တောင်သူအချို့က ဆိုသည်။

သို့သော် မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်နေသဖြင့် မှေးပြီးဆက်လုပ်နေကြခြင်းသာဖြစ်သည်ဟု ဆားထုတ်လုပ်ရောင်းချသည့် ၎င်းတို့က ပြောဆိုသည်။