BREAKING
January 11, 2025

မွန်တွင် ရော်ဘာ‌စျေး ပြန်ကျ

October 22, 2024

မွန်ပြည်နယ် ရော်ဘာ‌စျေးကွက်အတွင်း အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ်သုံးထောင်အောက် ပြန်ကျသွားကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

ရာသီအစ အောက်တိုဘာလဆန်းပိုင်းက ရော်ဘာစျေးကွက်တွင် မှိုင်း/နေလွတ် ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၃၂၀၀နှင့် ၃၅၀၀ကြား၊ နေလှန်းရော်ဘာတစ်ပေါင်လျှင် ကျပ် ၂၅၀၀ နှင့် ၃၀၀၀ ကြားအထိ စျေးပေါက်ကြောင်း ၎င်းတို့က ဆိုသည်။

ရော်ဘာအစေးထုတ်လုပ်မှုရှိလာသည့် အောက်တိုဘာလ တတိယအပတ်အတွင်း ရော်ဘာစျေးပြန်ကျလာပြီး မှိုင်း/နေလွတ် တစ်ပေါင်လျှင် ၂၉၀၀ ကျပ်၊ နေလှန်းတစ်ပေါင်လျှင် ၂၄၀၀ နှင့် ၂၈၀၀ ကျပ်ကြား ပေါက်‌စျေးရှိကြောင်း ရော်ဘာ အဝယ်ဒိုင်တို့ ထံမှ သိရသည်။

“ဒီနှစ်ရော်ဘာစျေး အဖွင့်မှာစျေးကောင်းတယ်။ မနှစ်ကနဲ့စာရင် နှစ်ဆလောက်တော့ စျေးတက်ပါတယ်။ အဲဒီကနေ အခု ရော်ဘာ နည်းနည်းထွက်လာတဲ့အချိန်မှာ ‌စျေးက မငြိမ်တော့ဘူး။ တစ်ယောက်တစ်မျိုးနဲ့ ဝယ်နေကြတယ်။ စျေးက သုံးထောင်အောက် ပြန်ဖြစ်သွားတယ်” ဟု မုဒုံမြို့မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။

ရာသီအစတွင် တောင်သူများလက်ဝယ် ရော်ဘာလက်ကျန် နည်းနေခြင်းကြောင့် ရော်ဘာစျေးကောင်းလေ့ရှိသော်လည်း ရော်ဘာအထွက်များလာချိန်တွင် ရော်ဘာစျေး ကျလေ့ရှိကြောင်း ရော်ဘာအရောင်းအဝယ်လုပ်နေသူတို့ထံမှ သိရသည်။

ရော်ဘာစျေးအနည်းငယ်ပြန်ကျသွားသော်လည်း ယမန်နှစ်က ရော်ဘာစျေးနှုန်းနှင့် ယှဉ်လျှင် စျေးကောင်းနေဆဲဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်တို့က ဆိုသည်။ ယမန်နှစ်က ရော်ဘာရာသီတွင် ရော်ဘာတစ်ပေါင် ကျပ် ၁၈၀၀ ဝန်းကျင်ထိသာ အမြင့်ဆုံး ပေါက်စျေးရှိခဲ့ကြောင်း ၎င်းတို့ ဆိုသည်။

မွန်တွင် မိုးဆက်လက်ရွာသွန်းနေသေးသည့်အတွက် ရော်ဘာကောင်းကောင်း မထုတ်လုပ်နိုင်သည့် အခြေအနေရှိနေသည်။

“အခုထိ မိုးကရွာနေတော့ ကောင်းကောင်း မလုပ်နိုင်သေးဘူး။ စျေးကောင်းတဲ့အချိန်မှာ ရော်ဘာကောင်းကောင်း မထုတ် နိုင်တော့ အရနည်းတာပေါ့။ ကောင်းကောင်းလုပ်နိုင်တဲ့ အချိန်ကျရင် ရော်ဘာများလာမယ်။ အဲဒီအခါကျရင် စျေးကကျ၊ ဒါပေမဲ့လည်း ဘယ်တတ်နိုင်မလဲ၊ ကိုယ့်အလုပ်က ဒါပဲ။ တွက်ခြေကိုက်လည်း လုပ်၊ မကိုက်လည်း လုပ်ရတာပေါ့။ ရော်ဘာ စျေးကောင်းမှ အဆင်ပြေမယ် အခုခေတ်က” ဟု ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ရာသီဥတုအပြင် ဒေသအချို့တို့တွင် စစ်ရေးအခြေအနေကြောင့် လုပ်ငန်းမစတင်နိုင်သေးသဖြင့် ယခုနှစ်တွင် ရော်ဘာ အထွက်နည်းနိုင်ကြောင်း ရော်ဘာအရောင်းအဝယ်ပြုလုပ်သူတို့က ခန့်မှန်းကြသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာ စိုက်ပျိုးမြေဧက ငါးသိန်းခန့်ရှိကာ ယင်းအနက် ဧကသုံးသိန်းကျော် ရော်ဘာထုတ်လျက်ရှိကြောင်း မွန်ပြည်နယ် ရော်ဘာ လုပ်ငန်းရှင်းများ အသင်းထံမှ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာများနှင့် ရင်းနှီးမြုပ်နှံမှု မရှိသည့် အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်သည်။

မွန်ပြည်နယ်ထွက် ရော်ဘာသည် အရည်အသွေးနိမ့်ကျမှုကြောင့် စျေးကောင်းမရရှိသည့်အနေအထားရှိနေကြောင်းလည်း ရော်ဘာလုပ်ငန်းရှင်းများအသင်း တာဝန်ရှိသူတို့က ပြောသည်။