BREAKING
January 11, 2025

လောင်းလုံးတွင် စစ်ကောင်စီတပ် သတ်သွားသည့် အလောင်းနှစ်လောင်းတွေ့၊ သေဆုံးသူငါးဦးအထိရှိလာ

October 22, 2024

ပုံစာ - လက်နက်ကြီးထိမှန်သည့် နေအိမ်တစ်ဆောင်

လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို စစ်ကြောင်းထိုး‌လာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည့် ရုပ်အလောင်းနှစ်လောင်းကို ထပ်မံတွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ညင်းမော်ကျေးရွာ နာရေးကူညီမှုရုံး အနောက်ဘက်တွင် သတ်ဖြတ်မြေမြှုပ်ထားခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်း တို့ကို စစ်ကြောင်းပြန်ထွက်သွားသည့် အောက်တိုဘာလ ၂၀ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

အဆိုပါ ရုပ်အလောင်းနှစ်လောင်းအနက် တစ်လောင်းမှာ အောက်ရေဖြူကျေးရွာအုပ်စုမှ အသက် ၂၅ နှစ်အရွယ် ကိုမင်းကို ဆိုသူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတို့က အတည်ပြုသည်။

ကိုမင်းကိုမှာ ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသူဖြစ်ပြီး ‌‌အောက်ရေဖြူကျေးရွာသို့ စစ်ကြောင်းဝင်ရောက်လာသည့် အောက်တိုဘာလ ၁၆ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့က ဆိုသည်။

နောက်ထပ် အမျိုးသားအလောင်းတစ်လောင်းမှာလည်း အသက် ၂၅ နှစ်ရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း အလောင်းကို ကိုယ်တိုင်တွေ့ရှိသူတို့က ပြောဆိုသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်ခြင်း မရှိသေးပေ။

“ရိုက်နှက်နှိပ်စက်ပြီးမှ သတ်ပစ်လိုက်တာဖြစ်မယ်။ ခန္ဓာကိုယ်မှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေ အများကြီးတွေ့ရတယ်။ ပြီးတော့ လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ မျက်နှာပိတ်ထားတယ်” ဟု အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

အလောင်းတို့ကို တွေ့ရှိသည့်နေ့တွင်ပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့အောက်ဘက် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူကျေးရွာတို့ကို အောက်တိုဘာလ ၁၃ ရက်မှစပြီး ရှစ်ရက်ကြာစစ်ကြောင်းထိုးချိန်တွင် ရာနှင့်ချီသော ဒေသခံများကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းဖမ်းဆီးခံရသူတို့အနက် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း အောက်တိုဘာလ ၂၂ ရက်အထိ ပြန်လည် မလွတ်မြောက်လာသေးသူ ဆယ်ဦးခန့်ရှိနေဆဲဖြစ်‌ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကြောင်းထိုးနေသည့်ကာလ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အသက် ၃၀ ကျော်အရွယ် ကိုကမ်းကမ်းဆိုသူကို စစ်ကောင်စီတပ်က အောက်ရေဖြူရွာ ဘုရားတောင်ခြေရင်းတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ယင်းအပြင် ကဒက်ငယ်ထိန်ကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေါ်မငယ်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံတို့က ဆိုသည်။

အသက် ၅၀ ကျော်အရွယ် နှလုံးရောဂါအခံရှိသူ အောက်ရေဖြူဈေးအနီးမှ ဒေါ်သက်သက်မှာလည်း ပစ်ခတ်ပေါက်ကွဲသံများ ကြားပြီး နှလုံးဖောက်ကာ သေဆုံးသွားခဲ့သည်။

လောင်းလုံးမြို့နယ်သို့ စစ်ကောင်စီစစ်ကြောင်းထိုးသည့် ရှစ်ရက်တာအတွင်း သေဆုံးသူ ငါးဦး၊ ဒဏ်ရာရသူ အနည်းဆုံး ခုနစ် ဦး ရှိကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ယင်းအပြင် နေအိမ်တစ်ဆောင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် အမြောက်အများကိုလည်း ရိုက်ဖျက်ကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။