BREAKING
January 11, 2025

ပတ္တယားတွင် စားသောက်ဆိုင်များထဲ ဝင်တောင်းရမ်းသည်ဆိုကာ မြန်မာနှစ်ဦးဖမ်းဆီးခံရ

October 22, 2024

ပုံစာ - ချွန်ဘူရီ လဝက တွင် မြန်မာနိုင်ငံသားကို စစ်ဆေးနေစဉ်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားကမ်းခြေတွင် စားသောက်ဆိုင်နှင့် အခြားဆိုင်များထဲသို့ ဝင်ရောက် တောင်းရမ်းနေသည် ဆိုသော မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း ပတ္တယားရဲစခန်းက ထုတ်ပြန်သည်။

ပတ္တယားကမ်းခြေရှိ အာရပ်စားသောက်ဆိုင်ထဲသို့ မြန်မာနိုင်ငံသားများဟု ယူဆရသော လူအုပ်စုဝင်လာပြီး ခရီးသွားများကို နှောက်ယှက်ကာ ငွေတောင်းခံခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများကလည်း ဖော်ပြသည်။

တောင်းရမ်းသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ စားသောက်ဆိုင်ပိုင်ရှင်က ခရီးသွားများနှင့် နေထိုင်သူများအတွက် စိုးရိမ်သဖြင့် မီဒီယာများနှင့် ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ရေးသားထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့များက ပူးပေါင်း၍ တိုင်ကြားလာသော သက်သေဓါတ်ပုံများကို တိုက်ဆိုင်စစ်ဆေးပြီး ဒေသခံများနှင့် ပူးပေါင်းကာ သံသယရှိသူများကို လိုက်လံရှာဖွေခဲ့ကြောင်း ဆိုသည်။

ယင်းသို့ရှာဖွေနေစဉ် အဆောက်အအုံဟောင်းတစ်ခုထဲတွင် အရက်သောက်နေသော အမျိုးသားနှစ်ဦးကို တွေ့ရှိကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်များ သွားရောက်စစ်ဆေးသည့်အချိန် မြန်မာများဖြစ်နေကြောင်း ဖော်ပြသည်။

၎င်းတို့အနက် အသက် ၃၄ နှစ်အရွယ် ကိုစောအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးက စားသောက်ဆိုင်များထဲ ဝင်ရောက် တောင်းရမ်းနေသူဖြစ်သည်ဟုတိုင်ကြားထားသည့် ဆိုင်ပိုင်ရှင်က အတည်ပြုပေးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

၎င်းတို့နှစ်ဦးသည် ဆိုင်များအတွင်း ငွေတောင်းရမ်းသည့်အပြင် စားသောက်သူများက ငွေမပေးပါက နီးစပ်ရာ အစားအသောက်များကို ခိုးယူလေ့ရှိကြောင်း ဆိုင်ပိုင်ရှင်၏ ဖြေကြားချက်ကို သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများက အလုပ်မရှိ၊ နေစရာမရှိသဖြင့် အစားအသောက်အတွက် ငွေတောင်းခံခြင်းသာဖြစ်ပြီး အခြားသူများ ကို နှောက်ယှက်ခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့များသို့ ထွက်ဆိုချက်ကို ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား နှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် နှစ်ဦးစလုံးသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာကြပြီး အထောက်အထားစာရွက်များ မရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောသည်။

၎င်းတို့နှစ်ဦးကို ရဲတပ်ဖွဲ့များက ဥပဒေ အရ ဆက်လက်အရေးယူမည်ဖြစ်ပြီး အရေးယူပြီးလျှင် နေရပ်ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

Ref: The Thaiger, Pattaya Mail, PPTV HD 36