သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။
အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် ကမြိုင်မှ ရငဲရွာ မြွေတောင်ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းနောက် မိနစ် ၃၀ ခန့်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုတို့တွင် စစ်ကောင်စီဘက်က ရှစ်ဦးခန့် ထိခိုက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည့်နောက် ရငဲရွာ တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းက သံဃာနှစ်ပါးနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီးထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ဆိုသည်။
ညနေ ၃ နာရီခန့်တွင် ရငဲရွာထဲသို့ ဝင်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က အလစ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“ညနေပိုင်းမှာ သူတို့နဲ့ သွားတိုးတယ်။ ဝိုင်းခံထိတာတော့ မဟုတ်ဘူး။ တောင်ကျောင်းဘုန်းကြီးကျောင်းနားမှာ အနီးကပ်ပစ်ခံထိတာ။ အဲ့ဒီမှာ UG နှစ်ယောက်သေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အရပ်သားနှစ်ဦးကိုလည်း ဘုန်းကြီးကျောင်းအနီးမှာ ပစ်သတ်ထားသည်ကို တွေ့ရကြောင်း ရငဲရွာဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ အချို့က ပြောဆိုသည်။
သံဃာနှစ်ပါးကိုမူ ပြန်လွှတ်ပေးခဲ့သည်ဟု၎င်းတို့က ဆက်လက်ပြောဆိုသည်။
အရပ်သားနှစ်ဦးအနက် တစ်ဦးမှာ အသက် ၂၈ နှစ်ခန့်ရှိ ကိုဇော်မင်းထွေးဆိုသူဖြစ်ပြီး ဘုန်းကြီးလူထွက်ပြီးနောက် ထိုကျောင်းတွင်ပင် ဘုန်းကြီးကျောင်းသားပြန်လုပ်နေသူဖြစ်ကြောင်း ရငဲကျေးရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။
“နောက်တစ်ယောက် နာမည်တော့ မသိဘူး။ သူလည်း ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စဝိုင်းလုပ်ကူနေသူပဲ။ သူတို့အိမ်ကလည်း ဘုန်းကြီးကျောင်းနားကပဲ။ သူ့အမေနဲ့ သားမိနှစ်ယောက်ရွာမှာပဲ နေနေကြသူတွေပါ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
တောင်ကျောင်းအနီးတွင် စစ်ကောင်စီဘက်က လက်ဦးမှုရယူ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ်ပိုင်းမျှသာ ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။
လတ်တလော မေးမြန်းစုံစမ်းချက်များအရ သေဆုံးသူလေးဦးရှိပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးပါ။
ရငဲရွာ မြွေတောင်၌ ယခုနှစ် ဇွန်လတွင် စစ်ကောင်စီက တပ်လာစွဲပြီးနောက် ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေကြပြီး ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အနည်းငယ်တွင်သာ လူနေထိုင်တော့ကြောင်း ဒေသခံတို့ထံမှာ သိရသည်။