သုံးနှစ်ကြာရပ်နားထားသည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဘုရားလှည့်လည်ပူဇော်ခံပွဲကို ညဘက် အစား နေ့ဘက်သို့ ပြောင်းလဲကျင်းပမည်ဖြစ်ကြာင်း ထားဝယ်ဘုရားကြီးဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။
ယခုနှစ် ဘုရားပွဲမှာ ၁၁၂ကြိမ်မြောက်ဖြစ်ပြီး ယခင်ကျင်းပနေကျပုံစံအတိုင်း တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှစ၍ လပြည့်နေ့အထိ ဘုရားကြီးဝင်းအတွင်း ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပွဲတော်ကျင်းပသည့် လေးရက်မြောက်နေ့ဖြစ်သော တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူဘုရား ကိုယ်ပွားတော်များ နံနက် ၇ နာရီမှစတင်ကာ ထားဝယ်မြို့အတွင်း လှည့်လည်ပူဇော်ခံမည်ဖြစ်ကြောင်း ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
“ဒီနှစ်ကတော့ ဈေးဆိုင်ခန်းတွေ ပျော်ပွဲရွှင်ပွဲတွေ ဇာတ်ပွဲတွေတော့ မရှိဘူး။ ဘုရားလှည့်တဲ့နေ့မှာလည်း တီးဝိုင်းတွေ ဘာညာတွေလည်း မရှိတော့ဘူး” ဟု အောက်တိုဘာလ ၂၁ ရက်က ဘုရားကြီးဂေါပကအစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
ဘုရားရုပ်ပွားတော်များ ဒေသစာရီကြွချီရာ၌ လမ်းခရီးထက်ဝက်ဖြစ်သည့် ဘုမ္မော်ရပ်ကွယ် ရပ်တော်မူဘုရားလမ်းနှင့် တလိုင်းထိန် ဖွားစောပို တရုတ်ဘုံကျောင်း လမ်းတစ်လျှောက်တွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ၅ နာရီကြာ ရပ်တန့်ပူဇော်ခံထားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ထို့နောက် ညနေ ၃ နာရီတွင် ဘုရားကြီးအတွင်းရှိ ယာယီအပူဇော်ခံမဏ္ဍပ်သို့ သတ်မှတ်လမ်းကြောင်းအတိုင်း ဆက်လက်ကြွချီမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
တနင်္သာရီတိုင်း ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်သည် ဒေသအတွင်း ထင်ရှားပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာသူများနှင့် စည်ကားသည့် ဘာသာရေးပွဲတော်တစ်ခုလည်းဖြစ်သည်။
သက်ဆိုင်ရာရပ်ကွက်အလိုက် တာဝန်ယူထားသည့် ဘုရားရုပ်ပွားတော်များကိုလည်း သီတင်းကျွတ်လဆန်းပိုင်းကစပြီး ရပ်ကွက်အလိုက် ပင့်ဆောင်ကာ လျှပ်စစ်မီး၊ ပန်းနံ့သာများဖြင့် အလှဆင်ပြီး ရပ်ကွက်နှင့် ကျေးရွာများတွင် ယာယီမဏ္ဍပ်ဆောက်ကာ အပူဇော်ခံထားရှိလေ့ရှိသည်။
“ဝေဒီဘုရားကတော့ မနက်ဖြန်သွားပင့်ပြီး မီးအလှဆင်တာတွေ လုပ်တော့မယ်” ဟု ဝေဒီရွာသားတစ်ဦးကပြောသည်။
ရပ်ကွက်အလိုက်ပူဇော်ခံထားသည့် ဘုရားရုပ်ပွားတော်များကို တန်ဆောင်မုန်းလဆန်း ၁၀ ရက် နောက်ဆုံးထား၍ ပွဲတော်ကျင်းပမည့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ အိုးစည်၊ ဒိုးပတ်၊ တီးဝိုင်းများဖြင့် ရပ်ကွက်အသီးက ပို့ဆောင်ကြသည်မှာလည်း စည်ကားလှပါသည်။
“ဒီနှစ်ကတော့ ၁၀ ရက်နေ့ ည ၈ နာရီနောက်ဆုံးပို့ရမယ်။ ရပ်ကွက်ဘုရားပို့တဲ့အခါတော့ အရင်တိုင်းပဲ အိုးစည်၊ ဒိုးပတ်ပါလို့ရတယ်။ ရပ်ကွက်ဘုရားပို့တာ ဘုရားလှည့်တာတွေမှာ ကန့်သတ်ထားတာဘာမှမရှိဘူး။ အရင်တိုင်းပါပဲ” ဟု ဂေါပကအစည်းဝေးတက်ရောက်သည့် ထားဝယ်မြို့ရပ်ကွက် ဘုရားဂေါပက တာဝန်ရှိသူတစ်ဦးကပြောသည်။
ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂ဝခုနှစ် နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်ကပ်ဘေးကြောင့် ပွဲတော်မကျင်းပနိုင်ခဲ့ပေ။
၂၀၂၂ ခုနှစ်က ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ၁၁၁ ကြိမ်မြောက် မြောက်အဖြစ်ကျင်းပခဲ့သော်လည်း ဘုရားကြီးဝင်းအတွင်းသာ လှည့်လည်ပူဇော်ကျင်းပခဲ့သည်။
ယခင်က ထားဝယ်ဒေသတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအပါဝင် ကျေးရွာအလိုက်ကျင်းပသည့် ဘုရားပွဲတော်များကို ညအချိန်တွင်သာ ကျင်းပခဲ့ကြသော်လည်း အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကြောင့် နေ့ဘက်ကို ပြောင်းလဲကျင်းပလာခဲ့ကြသည်။
နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ရာလမ်းတစ်လျှောက်တွင် ရှေ့အစဉ်လာအတိုင်း ရပ်ကွက်အလိုက် ဧည့်ခံကြရန်လည်း ဂေါပကအဖွဲ့က နှိုးဆော်ထားသည်။