BREAKING
March 18, 2025

လောင်းလုံးတွင် CDM ဝန်ထမ်း၊ NLD ထောက်ခံသူများအပါအဝင် ဒေသခံ ၁၃ဦးဖမ်းဆီးခံရ

October 22, 2022

လောင်းလုံးမြို့နယ်တွင် CDM ဝန်ထမ်းတစ်ဦး၊ NLD ပါတီ ထောက်ခံသူများ အပါအဝင် ဒေသခံ ၁၃ ဦး ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူအချို့က ပြောသည်။

ယင်းသို့ ဖမ်းဆီးခံရရာတွင် လောင်းလုံးမြို့ပေါ်က ဒေသခံ ကိုးဦးနှင့် ကျေးရွာ နှစ်ရွာမှ ဒေသခံ လေးဦးတို့ ပါဝင်သည်။

မြို့ပေါ်၌ အောက်တိုဘာလ ၂၁ရက်ည ၈နာရီခန့်တွင် စစ်ကောင်စီတပ်ပူးပေါင်းတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ကိုးဦး ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။

ဖမ်းဆီးခံရသူများတွင် CDM ဝန်ထမ်းတစ်ဦး ပါဝင်ပြီး ကျန်ပုဂ္ဂိုလ်များမှာ NLD ပါတီ ထောက်ခံသူများဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

ဖမ်းဆီးခံရသူများမှာ လောင်းလုံးမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် ဦးမျိုးသိမ်း၊ ဦးတင်သောင်း၊ ဦးစိမ်း၊ ကိုမင်းသူ၊ ကိုဖိုးသောကြာ၊ မငြိမ်းငြိမ်း၊ ဒေါ်အေးမူ၊ ဒေါ်စန်းမူ၊ မမာအေး ဆိုသူတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတို့အနက် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါဝင်ပြီး ကိုဖိုးသောကြာနှင့် မငြိမ်းငြိမ်းမှာမူ မောင်နှမဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဖမ်းခံရတဲ့သူအများစုက NLD ထောက်ခံသူနဲ့ CDM တွေပါ” ဟု ၎င်းက ဆိုသည်။

နောက်ထပ် CDM ဝန်ထမ်းအချို့၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက် ရှာဖွေဖမ်းဆီး ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သူအချို့ထံမှ သိရသည်။

“သူတို့ ပြောသံတော့ ကြားလိုက်ရတယ်။ တိုင်ကြားသူရှိလို့ လာဖမ်းရတယ်ဆိုပြီး ပြောတာ” ဟု ဖမ်းဆီးခံရသူအချို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့ပေါ်သို့ အင်အားဖြည့်တင်းရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကားလေးစီးဖြင့် လိုက်လံဖမ်းဆီနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင်မူ ဂေါ့အင်းကျေးရွာမှ ဒေသခံ ၂ ဦးနှင့် ရေဖြူကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာမှ ဒေသခံ ၂ ဦးလည်း ဖမ်းဆီးခံရကြောင်း အဆိုပါကျေးရွာများမှ ဒေသခံတို့က ဆိုသည်။

“မနေ့ညကတည်းက လောင်းလုံးမှာ စစ်ကားလေးစီးနဲ့ အိမ်တွေ ဝင်ဝိုင်းပြီးဖမ်းနေတယ်လို့ ပြောသံကြားရတာ။ ဒီနေ့ မနက်ကျတော့ ကျွန်မတို့ရွာထဲရောက်လာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်နေတုန်း ဝင်ဖမ်းသွားကြတာ” ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

၎င်းတို့ကို မည်သည့်အတွက်အဖမ်းခံရသည်ကိုမူ မသိရသေးဘဲ လက်ရှိတွင် လောင်းလုံးမြို့မရဲစခန်းတွင် စစ်ဆေးခံနေရကာ ပြန်လည်လွတ်မြောက်လာသူ မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာလ ၂၀ ရက် ညကလည်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာတွင် အမည်မသိ လက်နက်ကိုင် လူတစ်စုက NLD ထောက်ခံသူ ဇနီးမောင်နှံနှင့် လှေလုပ်သားတစ်ဦး၊ ရွာခံတစ်ဦးတို့ကို နေအိမ်တစ်ဆောင်တည်းတွင် ပစ်သတ်မှု ဖြစ်ပွားခဲ့သေးသည်။