BREAKING
October 16, 2024

မြို့နေလူထုကြားက သန်းခေါင်စာရင်း ဂယက်

September 22, 2024

စစ်ကောင်စီက တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမည့်ကာလကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အချိန်နှစ်ပတ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းကာလအတွင်း မကောက်ယူနိုင်သည့် ဒေသများကို လုံခြုံရေးယူပြီး ရက်တိုးကောက်မည်ဟုလည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။

သို့သော် ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်မည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ မတိုင်မီတွင် ရနိုင်သမျှကောက်ကြရန် စက်တင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့သည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အစည်းအဝေးတွင် ၎င်းကပြောဆိုခဲ့သည်။

လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုထားသဖြင့် သန်းခေါင်စာရင်း ကောက်ခြင်းမှာ ရွေးကောက်ပွဲအတွက်ဟု ပြောဆိုမှုများ ရှိသလို၊ တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်း၊ စစ်မှုထမ်းခိုင်းစေရန်အတွက် လူဦးရေသိရန် လုပ်ဆောင်ခြင်း စသဖြင့် သုံးသပ်မှုများလည်း ရှိနေသည်။

စစ်ကောင်စီကမူ နိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံဆောင်ရွက်ရာတွင် တိကျမှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန်လိုအပ်ခြင်းကြောင့် သန်းခေါင်စာရင်း ကောက်ယူရခြင်းဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကမူ စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြည်သူများအနေဖြင့် ပူးပေါင်းခြင်းမပြုဘဲ တတ်နိုင်သမျှ ရှောင်ရှားရန်အရေးကြီးကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုသည် အဓိကအားဖြင့် စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းရန်အတွက် လူဦးရေစာရင်းများ ၊ တည်နေရာများကို သိချင်သည့်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

သို့သော် နိုင်ငံတစ်ဝန်းတိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုမှာ အကန့်အသတ်များရှိနေပြီး မြို့ပေါ်ရပ်ကွက်အချို့တွင်သာ လုပ်ဆောင်နိုင်ဖွယ်ရှိနေသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၃၃ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar) ဇူလိုင်လ ၁၅ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

တနင်္သာရီတိုင်းတွင်မူ မြို့ပေါ်ရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီး ပြည်သူများကလည်း စိုးရိမ်မှုများစွာ ဖြစ်ပေါ်နေသည်။

ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် တနင်္သာရီတိုင်းအတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူ အချို့ကိုမေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“အိမ်မှာရှိတဲ့လူတွေရဲ့ စာရင်းပါကောက်တာဆိုတော့ စစ်မှုထမ်းလည်း ပါမယ်လို့ထင်တယ်”

ကော့သောင်းမြို့ခံတစ်ဦး

DW ။ ကော့သောင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာတွေလုပ်နေတာရှိလဲ။

ဖြေ ။ ဒီလကုန်ရင်တော့ စကောက်မယ်လို့ပြောသံကြားတယ်။ အုပ်ချုပ်ရေးမှူးတွေ သင်တန်းတက်နေကြတယ်။ ရပ်ကွက်ထဲက လူငယ်တွေကိုလည်း ခေါ်ပြီး သင်တန်းပေးနေတာတွေရှိတယ်။

DW ။ မြို့ခံတွေကရော အဲဒီအပေါ် ဘယ်လိုတုန့်ပြန်တာမျိုးရှိလဲ။ ဆိုလိုတာက စစ်မှုထမ်းဖို့အတွက် စာရင်းကောက်တာဆိုပြီး တစ်ချို့မြို့တွေမှာ ရှောင်နေကြတာရှိနေတော့လေ။ ကော့သောင်းမှာရော ဘယ်လိုရှိလဲ။

ဖြေ ။ တစ်မြို့လုံး အနေအထားနဲ့ပြောရင်တော့ အေးအေးဆေးဆေးပဲ သွားလာနေကြတာပဲ။ အဲဒါနဲ့ပတ်သတ်ပြီး ထွေထွေထူးထူးပြောဆိုတာ မကြားရဘူး။ တစ်ချို့တွေကတော့ တိုးတိုး တိုးတိုးနဲ့ ဟိုဖက်ကမ်း( ထိုင်းနိုင်ငံ) ကို ကူးသွားကြတာတွေရှိတယ်လို့ ကြားရတယ်။ အဓိကကတော့ လူငယ်တွေရှိတဲ့အိမ်ပေါ့။ ကျွန်တော်သိသလောက် တော်တော်များများကတော့ ဒီအတိုင်းပဲ။ ဘာမှထွေထွေထူးထူး ပြောဆိုတာမကြားရဘူး။

DW ။ အစ်ကိုအနေနဲ့ရော ဒီသန်းခေါင်စာရင်း ကောက်တဲ့အပေါ် ဘယ်လိုမြင်လဲ။ စစ်မှုထမ်းကိစ္စနဲ့ သက်ဆိုင်နေမယ်ထင်လား။

ဖြေ ။ သန်းခေါင်စာရင်းကောက်တာက အိမ်မှာရှိတဲ့လူတွေရဲ့စာရင်းပါ ကောက်တာဆိုတော့ အဲဒီကိစ္စ(စစ်မှုထမ်း) လည်း ပါမယ်လို့တော့ထင်တာပေါ့နော်။ အဲဒီကရတဲ့ စာရင်းနဲ့ စစ်မှုထမ်းဖို့ လူဘယ်လောက်ရှိတယ်ဆိုတာမျိုး မှတ်သွားပြီးရင် အိမ်မှာလာခေါ်တာမျိုး ဖြစ်လာမလားမသိဘူး။

DW ။ အဲဒီအပေါ် စိုးရိမ်မှုရှိလား။

ဖြေ ။ စိုးရိမ်မှုကတော့ရှိတာပေါ့။ ဒီအချိန်မျိုးမှာ စစ်မှုထမ်းရရင် စစ်တိုက်ရမှာသေချာတယ်။ အဲလိုမျိုးတော့ မလုပ်ချင်ဘူး။ ဒါပေမဲ့ သူများတွေလည်း ဘာမှပြောသံဆိုသံမကြားရတော့ ဒီလိုပဲနေနေသေးတယ်။ သန်းခေါင်စာရင်းက အခုမကောက်သေးဘူး။ လကုန်မှကောက်မှာဆိုတော့ အဲဒီအချိန်ကြမှပဲ ဘယ်လိုဖြစ်မယ်ဆိုတာ သိမယ်ထင်တယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“သန်းခေါင်စာရင်းဆိုပြီး စစ်မှုထမ်းမယ့် လူဦးရေစာရင်းကောက်တာလည်း ဖြစ်နိုင်တာပဲ”

ထားဝယ်မြို့ခံ လူငယ်တစ်ဦး

DW ။ ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုပ်နေတာ ကြားရတယ်။ မြို့ခံတွေ ဘယ်လိုပြောဆိုနေတာရှိလဲ။

ဖြေ ။ မြို့ထဲမှာတော့ ကြောက်တဲ့သူလည်း ကြောက်နေကြတယ်။ မကြောက်တဲ့သူလည်း သူ့ဟာနဲ့သူ နေနေကြတာပဲ။ ကျွန်တော်ကတော့ ကြိုပြီးရှောင်နေရင် ကောင်းမယ်ဆိုပြီး အိမ်ကပြောလို့ ထွက်လာတာ။

DW ။ သန်းခေါင်စာရင်းကောက်မှာမို့လို့ ထွက်လာတာမျိုးလား။

ဖြေ ။ ဟုတ်တယ်။ သန်းခေါင်စာရင်းကောက်မယ် သတင်းကြားကတည်းက ထွက်လာတာ။ ထိုင်းကိုသွားမယ်ပေါ့။ အခုလောလောဆယ်တော့ မသွားရသေးဘူး။ လမ်းကြောင်းမကောင်းသေးလို့ ပွဲစားနဲ့ချိတ်ဆက်နေတာ။ သူတို့လမ်းကြောင်းက ဘယ်လောက်ကြာမယ်မှန်းမသိလို့ (ရွာက)အဖိုးအိမ်မှာ ခဏလာနေတာ။ (ထိုင်းနိုင်ငံ) ထွက်ရင်လည်း ဒီကနေပဲထွက်မယ်။

DW ။ သန်ခေါင်းစာရင်းကောက်မှာကို ဘာလို့ရှောင်ဖို့ဖြစ်သွားတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ ဒီသန်းခေါင်စာရင်းက စစ်မှုထမ်းကိစ္စနဲ့လည်း ပတ်သက်နေမယ်လို့ထင်တယ်။ ကျွန်တော်တို့လည်း‌သေချာတော့ မသိဘူးပေါ့နော်။ သူများတွေအဲလို ပြောနေကြတာရှိတာကိုး။ တကယ်လို့ စစ်မှုထမ်းခိုင်းမယ်ဆိုရင် ကိုယ်ပါပါသွားမှာ ကြောက်တယ်။ အဲ‌ဒါကြောင့် ရှောင်လိုက်ရင်ကောင်းမယ်ဆိုပြီး ရှောင်ဖြစ်သွားတာ။ စစ်တပ်ကိုက ယုံလို့မရဘူးလေ။

သန်းခေါင်စာရင်းဆိုပြီး စစ်မှုထမ်းမယ့် လူဦးရေစာရင်း ကောက်တာလည်း ဖြစ်နိုင်တာပဲမဟုတ်ဘူးလား။ ဒီအတိုင်း စစ်မှုထမ်းစာရင်းကောက်တယ်လို့ ပြောပြီးလိုက်ကောက်ရင်တော့ အကုန်ပြေးမှာ သူတို့လည်းသိတယ်လေ။ အခုလိုမျိုး သန်းခေါင်စာရင်းကောက်တာလို့ပြောပြီး စစ်မှုထမ်းစာရင်း ကောက်တာလည်း ဖြစ်နိုင်တာပဲလေ။ အဲဆိုပြေးမယ့်သူရှိတော့မှာ မဟုတ်ဘူးလေ။ သူတို့(စစ်ကောင်စီက) အဲလိုတွက်ပြီး လုပ်တာဖြစ်မယ်လို့ စိတ်ထဲအဲလိုမျိုးထင်နေတာ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“လူတွေက စစ်မှုထမ်းတာတစ်ခုပဲအာရုံဖြစ်နေတယ်”

ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး

DW ။ မြို့ပေါ်မှာ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်နေတာတွေရှိလဲ။

‌ဖြေ ။ လူဦးရေစာရင်း ဖြည့်ခိုင်းတာတွေရှိတယ်။ ကိုယ့်ရဲ့အသက်တွေပါ ဖြည့်ရတာရှိတယ်။ နောက်ပြီးရွာလူကြီးကို လူစာရင်းမိတ္တူ အိမ်ကဖုန်းနံပါတ်တွေကိုလည်း ပေးရတယ်။ အထက်ကလာစစ်မှာမို့ တစ်ပတ်အတွင်း အပြီးကပ်ပါတဲ့။ ဒါပေမဲ့ ခုထိတော့ လာစစ်တာတွေ မရှိသေးဘူး။

DW ။ အဲဒါက ကိုယ်အိမ်ထောင်စုစာရင်း မဟုတ်လား။

ဖြေ ။ မဟုတ်ဘူး။ ကပ်ခိုင်းတာက အိမ်ထောင်စုစာရင်းနဲ့မဆိုင်ဘူး။ လက်ရှိအိမ်မှာနေတဲ့လူတွေပဲ ဖြည့်ရမှာ။ အိမ်ထောင်စုထဲပါပြီး တခြားမှာ သွားနေရင် အဲဒီလူကို ဖြည့်စရာမလိုဘူး။

DW ။ ဘာကြောင့် အဲဒီလိုလုပ်တယ်လို့ထင်လဲ။

ဖြေ ။ အသက်တွေပါ ဖြည့်ခိုင်းတော့ စစ်မှုထမ်းအတွက်လားဆိုတာမျိုး စိတ်ထဲဖြစ်မိတယ်။ အိမ်မှာရှိနေတဲ့ အစ်ကိုတွေအတွက် စိတ်ပူတယ်။ အိမ်မှာအမှီပြုနေရတဲ့လူက စစ်မှုထမ်းပါသွားရင် အဲအိမ်အတွက် စားဝတ်နေရေး အားလုံးထိခိုက်တယ်။ ပြီးရင်သူတို့က ရှေ့တန်းပို့တာတွေရှိတယ်ဆိုပြီး သတင်းတွေမှာ ဖတ်နေရတာ။ စစ်မှုထမ်းအတွက်ပဲ စိတ်ပူတယ်။

DW ။ ကိုယ့်အတွက်ကျတော့ရော ဘာကြောင့်မစိုးရိမ်တာလဲ။

ဖြေ ။ စစ်မှုထမ်းက ၃၅ နှစ်အထိလေ။ ကျွန်မကအသက်ကျော်သွားပြီ။ နောက်အခုထုတ်ပြန်ထားတဲ့ ပြည်သူ့လုံခြုံရေး အတွက်က ၆၅ နှစ်ထိထုတ်ထားတာရှိတယ်။ အဲမှာမိန်းကလေးမပါဘူး၊၊ ယောကျ်ားပဲပါမယ်။

DW ။ ကိုယ်ပတ်ဝန်းကျင်မှာရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပြောနေဆိုနေကြလဲ။

ဖြေ ။ အဲဒါလာကပ်ခိုင်းတော့ ဘာလုပ်မလဲမသိဘူး။ စစ်မှုထမ်းအတွက်လား။ အဲလိုမျိုးမေးခွန်းထုတ်တာတွေပဲရှိတယ်။ လူတွေကစစ်မှုထမ်းတာ တစ်ခုပဲ အာရုံဖြစ်နေတယ်။ အဓိကကအသက်ပါ ဖြည့်ခိုင်းလို့ဖြစ်မယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒေတာတွေ၊ အချက်အလက်တွေ ကောက်ယူတဲ့အပေါ် ကျွန်တော်တို့အနေနဲ့ စိုးရိမ်ချက်တွေတော့ ဖြစ်လာတာပေါ့”

သရက်ချောင်းမြို့ပေါ်ရပ်ကွက်က လူငယ်အမျိုးသားတစ်ဦး

DW ။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့အတွက် သန်းခေါင်စာရင်းကောက်ယူဖို့ ပြောထားတယ်။ အခု သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေပြီလား။

ဖြေ ။ လုပ်နေပြီ။ ဒီနေ့ မနက်ကပဲ စာအုပ်တွေလိုက်ဝေနေတယ်။ သန်းခေါင်စာရင်းကောက်တဲ့အခါ ဖြေရမယ့် အချက်အလက်ဆိုင်ရာစာအုပ်လေ အရင်တုန်းကလည်းဝေဖူးတယ်။ ဘာတွေဖြေရမယ်ဆိုတာ အချက်အလက်စာအုပ်တွေ လိုက်ဝေနေတယ်။ သန်းခေါင်စာရင်းဆိုင်ရာ ဖြေဆိုဖို့ အချက်အလက်စာအုပ်က အရင်ကလည်း အဲ့လိုပဲဝေတယ်။

စာမျက်နှာ ၁၈ မျက်နှာပါတယ်။ လိုက်ဝေတာက အုပ်စုနဲ့ လိုက်ဝေတာမဟုတ်ဘူး။ အိမ်ခွန်တွေဘာတွေ ကောက်တဲ့အခါ စည်ပင်က ခိုင်းတဲ့လူရှိတယ်။ အဲ့လို အရပ်သားတစ်ယောက်ကို လိုက်ဝေခိုင်းတယ်။ ကျွန်တော်တို့အိမ်ကိုလည်း လာဝေပြီးပြီ။ ကျွန်တော်လည်း မဖတ်ကြည့်ရသေးလို့ ဘာတွေပါမှန်းမသိသေးဘူး။ သန်းခေါင်စာရင်းလာကောက်တဲ့အခါ ဖြေရမယ့်မေးခွန်းပုံစံတဲ့ အဲ့လိုပြောပြီး လာဝေသွားတယ်။ ရွေးကောက်ပွဲအကြောင်းတော့ ဘာမှမပြောဘူး။

DW ။ အဲလို သန်းခေါင်စာရင်းကောက်ယူမယ့်အပေါ် စိုးရိမ်ချက်တွေရှိလား။ ဘာပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်တော်တို့အားလုံးက အကုန်လုံးကို အမှန်အကန်ပေးရဖို့ဆိုတာ ခက်ခဲပါတယ်။ မတတ်သာလို့ ပေးရတဲ့ အနေအထားမျိုးမှာပဲ အားလုံးကတော့ မှန်ကန်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးက လက်ရှိအနေအထားအရ ပါဝင်ပတ်သက်မှုတွေကတော့ တစ်ပုံကြီးရှိနေကြတာပဲကိုး။ အဲ့‌တော့ ဒီအပေါ်မှာ စဉ်းစားချင့်ချိန်ပြီးမှ ပေးမှရမှာပေါ့။ မတတ်သာလို့ ပေးရတာကိုး။

ပထမတုန်းကတော့ သန်းခေါင်စာရင်းကောက်ဖို့ပြောတာကို လုပ်လိမ့်မယ်လို့ မထင်သေးဘူး။ မဖြစ်နိုင်ဘူးလို့ပဲယူဆထားတယ်။ အခုစာရွက်ရောက်လာမှပဲ သန်းခေါင်စာရင်းဆိုတာကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံငုံပြီးကောက်ရဖို့ပဲ။ လုပ်မယ်ဆိုပြောနေတာလောက်ပဲ။ တကယ်လုပ်မယ်ဆို မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ်။

DW ။ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ဆိုပြီး သန်းခေါင်စာရင်း ကောက်ယူတာ တော်လှန်ရေးမှာ ပါဝင်သူတွေရဲ့ အချက်အလက်တွေကို ရယူချင်လို့လား၊ တော်လှန်ရေးမှာပါဝင်သူတွေကို ဖိနှိပ်ချင်လို့လား၊ စစ်မှုထမ်းဖို့အတွက် အချက်အလက် ကောက်ယူချင်တဲ့ သဘောလား ဘယ်လိုမြင်လဲ။

ဖြေ ။ ကျွန်တော့်အမြင်ကတော့ အားလုံးအတွက် အကျုံးဝင်မယ်ထင်တယ်။ အဲဒီအချက် သုံးချက်လုံးအတွက် သန်းခေါင်စာရင်းကောက်တာလည်း ဖြစ်နိုင်တယ်။ အကြောင်းအရာ အားလုံးနဲ့သက်ဆိုင်မယ်ထင်တယ်။ ဒေတာတွေ အချက်အလက်တွေ ကောက်ယူတဲ့အပေါ် ကျွန်တော်တို့အနေနဲ စိုးရိမ်ချက်တွေတော့ ဖြစ်လာတာပေါ့။ အချက်သုံးချက်လုံးအတွက် ကျွန်တော်တို့အတွက် စိုးရိမ်ချက်တွေရှိတယ်။ ဘာလို့လဲဆိုတော့ ရွေ့ပြောင်းသွားတဲ့သူတွေလည်းရှိတယ်။ တရားမဝင်လမ်းကြောင်းကနေ နိုင်ငံခြားထွက်သွားတဲ့ သူတွေလည်းရှိတယ်။ (တော်လှန်ရေးထဲ) ထဲထဲဝင်ဝင် ပါနေတဲ့သူတွေလည်းရှိတယ်။ အဲ့လိုလူတွေအတွက် စိုးရိမ်စရာလည်း ဖြစ်လာတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“စစ်‌ကောင်စီက လုံခြုံရေးပေးနိုင်တဲ့ မြို့ပေါ်နဲ့ ဒေသ‌တွေမှာပဲ သန်းခေါင်စာရင်း ကောက်နိုင်မှာ”

အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦး ရေဖြူမြို့

DW ။ ရေဖြူမြို့ပေါ်မှာ သန်းခေါင်စာရင်း ကောက်တာနဲ့ပတ်သက်ပြီး ဘယ်လိုကြားထားရလဲ။

ဖြေ ။ လိုက်ကောက်မယ့် ဆရာမတွေစာရင်း အရင်ကောက်နေတယ်တော့ ကြားရတယ်။ ကျန်တာတော့ ဘာမှမကြားရသေးဘူး။

DW ။ သန်းခေါင်စာရင်း ကောက်တော့မယ်ဆိုတာကို မြို့ကလူတွေ သိကြလား။ ပတ်ဝန်းကျင်မှာတော့ ဘာတွေပြောကြသေးလဲ။

ဖြေ ။ တိုးတိုးတိတ်တိတ်ပဲ စီစဉ်နေတယ်ထင်တယ်။ ပတ်ဝန်းကျင်မှာလည်း ဘာသံမှမကြားရသေးဘူး။အနောက်ဘက်ကမ်းမှာတော့ အရင်နှစ်ကတည်းက သန်းခေါင်စာရင်းကောက်မယ်ဆိုပြီး ဆိုင်းဘုတ်တစ်ခု ထောင်ထားတာတော့ ရှိတယ်။

DW ။ သန်းခေါင်စာရင်း ကောက်တော့မယ်ဆိုတော့ စိုးရိမ်မှုရှိလား။ စိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ ။ စိုးရိမ်တာကတော့ စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ အရင်တစ်ခေါက် ကောက်တုန်းကလို ကမြောကင်းမှာ ဖြစ်သလို စကောက်တဲ့နေ့ ပစ်တာခတ်တာတွေဖြစ်မှာ ကြောက်တယ်။ အခုလောလောဆယ် မြို့က ငြိမ်နေတယ်လေ။ တစ်ခုခုလုပ်လိုက်မှ ရုတ်တရက်ပြန်ဆူသွားမှာတော့ စိုးရိမ်တယ်။

DW ။ သန်းခေါင်စာရင်းကောက်လို့ ရတဲ့ အချက်အလက်တွေကြောင့် စစ်မှုထမ်းကိစ္စနဲ့ဆက်စပ်ပြီး မိသားစုဝင်တွေကို စိတ်ပူတာမျိုးရောရှိလား။

ဖြေ ။ အဲဒါကတော့ ကိုယ့်မိသားစုအနေနဲ့ မပူရသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ ကိုယ့်သားသမီးတွေက အခြေခံပညာကျောင်းသားအရွယ်တွေပဲရှိသေးတယ်။ ဆွေမျိုးထဲက တူတွေ တူမတွေအကုန်လုံးကလည်း အားလုံး ထိုင်း မှာဆိုတော့ သူများထက်စာရင် နည်းနည်းတော့ စိုးရိမ်ရနည်းတယ်ပြောရမယ်။

DW ။ အခုကောက်မယ့် သန်းခေါင်စာရင်း အောင်မြင်မယ်လို့ထင်လား။

ဖြေ ။ သူတို့(စစ်ကောင်စီ) လုံခြုံရေးပေးနိုင်တဲ့ မြို့ပေါ်နဲ့ ဒေသ‌တွေမှာပဲ ကောက်နိုင်မှာပေါ့။ ကျန်ဒေသတွေက သာမန်တောင်သွားလို့လာလို့ အဆင်မပြေဘူးလေ။

DW ။ ရေဖြူမှာမြို့ကနေ ထွက်ပြီး ဘယ်လောက်အကွာအဝေးဆိုရင် စိတ်မချရတော့ဘူးလဲ။

ဖြေ ။ ကျောက်ကညာဘက်က တော်သေးတယ်။ ရွာတန်းရှိသေးတယ်။ ရေဖြူမြို့ကထွက်ပြီး ကလိန်အောင်ဘက်ခြမ်းသွားရင် ခရီးသွားလို့ မကောင်းဘူးတော့ဘူး။ လူလည်းပြတ်တယ်။ အရင်ခေတ်ကလို စိတ်လည်းမချရတော့ဘူး။

DW ။ ရေဖြူမြို့ပေါ်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေး အသက်ဝင်မှု အခြေအနေလေး ပြောပြပေးပါ။

ဖြေ ။ က ရပ်ကွက် နဲ့ ခ ရပ်ကွက် နှစ်ခုလောက်ပဲ အသက်ဝင်သလိုရှိတယ် ။ အရှေ့ဘက်ကမ်းက ရပ်ကွက်တွေမှာ အသက်မဝင်ဘူး။ ထောက်ခံစာလိုရင်တောင် အုပ်ချုပ်ရေးမှူးရုံးမဖွင့်လို့ မြို့နယ်ထွေအုပ်ရုံးအထိ သွားတောင်းရတယ်။ မြို့နယ်လဝက ရုံးတောင် မီးလောင်ပြီးကတည်းက ထားဝယ်မှာသွားဖွင့်ထားတယ်။

DW ။ ကျောင်းသားမိဘတစ်ယောက်လည်းဖြစ်တော့ ဆရာ၊ဆရာမ အသိုင်းအဝိုင်းမှာရော သန်းခေါင်စာရင်းနဲ့ပတ်သက်တာ ဘယ်လိုပြောဆိုတာ ကြားရလဲ။

ဖြေ ။ တချို့ကတော့ လက်ရှောင်ချင်တယ်ပြောတယ်။ စာသင်တာပဲလုပ်ချင်ကြတယ်။ ဒီလိုလိုက်လုပ်ရမှာတွေဆိုမလုပ်ချင်ဘူးဆိုပြီး ဘယ်လိုရှောင်ရမလဲ ပြောကြတာတော့ကြားရတယ်။ လုပ်မယ့်သူတွေလည်း ရှိတယ်။

DW ။ အခြားဖြည့်စွက်ပြောစရာရှိသေးလား။

ဖြေ ။ မရှိတော့ပါဘူး။

DW ။ အခုလိုဖြေကြားပေးတာ ကျေးဇူတင်ပါတယ်။