BREAKING
February 27, 2025

မြိတ် ကျေးရွာ ၁ဝရွာက စပါးခင်းတို့တွင် ဖြုတ်ပိုးများကျ

September 22, 2023

ပုံစာ - မြိတ်မြို့အတွင်းရှိ စပါးစိုက်ခင်းတို့တွင် ဖြုတ်ပိုးများကျရောက်သဖြင့် ပျက်စီးနေသည့်စပါးခင်းအချို့

မြိတ်မြို့နယ်အတွင်း ကျေးရွာဆယ်ရွာထက်မနည်း၌ မိုးစပါးခင်းတို့တွင် ဖြုတ်ပိုးများကျရောက်နေကြောင်း စပါးစိုက်တောင်သူတို့က ပြောသည်။

မိုးစပါးစိုက်ပျိုးပြီး လေးလအကြာ စက်တင်ဘာလတွင် ဖြုတ်ပိုးအကောင်အရေ အများအပြား ကျရောက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကျောက်ဖျာ၊ ကဘင်း၊ ဝန်ဖို့၊ ဝန်မယ်၊ သဘွတ်၊ တညက်၊ ပလုံး၊ သစ်ယာဝ၊ တောင်ရှည်၊ ပသောင်း စသည့် ကျေးရွာတို့ရှိ မိုးစပါးခင်းတို့တွင် ဖြုတ်ပိုးများကျရောက်နေကြောင်း ယင်းကျေးရွာတို့ရှိ တောင်သူတို့က ပြောဆိုသည်။

ဖြုတ်ပိုးတို့သည် စပါးခင်းများတွင် အကွက်လိုက်၊ ကွက်ကြားပုံစံဖြင့် ကျရောက်နေကြောင်း တောင်သူတို့ထံမှသိရသည်။

“ကွက်ကြား ကွက်ကြားနဲ့ ပိုး‌တွေကျနေတာ။ အရင်က ဒီပိုးမျိုး မကျဖူးဘူး” ဟု တောင်ရှည်ရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဖြုတ်ပိုးအကောင်အရေ အများအပြား ကျသဖြင့် စပါးပင်များ နီဝါရောင်သန်းပြီး နွမ်းကျနေကြကြောင်း စပါးစိုက်တောင်သူတစ်ဦးက ပြောဆိုသည်။

“နွမ်းကျပြီး ကောက်ရိုးခြောက်သလို ခြောက်ကျနေကြတယ်။ သေမလားတော့ မပြောတတ်သေးဘူး” ဟု ၎င်းက ပြောသည်။

ဖြုတ်ပိုးများ ကျရောက်နေသဖြင့် စပါးပင်များ သေကြေပျက်ဆီးမည်ဆိုပါက စပါးအထွက်နှုန်းကျဆင်းမည်ကို စိုးရိမ်ကြောင်း တောင်သူတို့က ဆိုသည်။

“ဆေးဖြန်းထားလို့ထင်တယ်။ ပိုးတွေထပ်ပြီးပွားလာတာမျိုး မတွေ့ရသေးဘူး” ဟု ပသောင်းရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဖျက်ပိုးတို့သည် စပါးခင်းတို့တွင် ရှိနေကြသည့် ပိုးတစ်မျိုးဖြစ်ပြီး ယခုနှစ်ရာသီဥတု အပြောင်းအလဲကြောင့် အကောင်အရေ အများအပြား ကျရောက်နေကြခြင်းဖြစ်ကြောင်း သီးနှံကာကွယ်ရေးဌာနမှ တိုင်းတာဝန်ခံက ဆိုသည်။

“မိုးပြတ်သွားပြီဆိုတော့ အခြေအနေ ပြန်ကောင်းသွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။

ဖြုတ်ပိုးကျနေသည့် စပါးပင်တို့အား ဆေးဖြန်းပြီး ထိန်းချုပ်နိုင်ပါက အဝါရောင်သန်းနေရာမှ ပြန်လည်ကောင်းမွန် လာမည်ဖြစ်ပြီး ဆုံးရှုံးမှု မရှိနိုင်ကြောင်း တိုင်းတာဝန်ခံက ဆက်လက်ပြောဆိုသည်။

မြိတ်မြို့နယ်အတွင်း မိုးစပါးစိုက်ခင်းတို့အနက် ကွက်ကြားပုံစံဖြင့် ဖြုတ်ပိုးများ ကျရောက်နေသဖြင့် စုစုပေါင်း ပိုးကျသည့် စပါးခင်း ဧကတစ်ရာကျော်ခန့်သာ ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

စပါးဖြုတ်ပိုးကျရောက်ခြင်းနှင့်ပတ်သက်ပြီး မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနတို့မှ
ဖြုတ်ပိုးကာကွယ်နှိမ်နင်းခြင်း နည်းပညာသင်ပေးခြင်း၊ ဆွေးနွေးခြင်းတို့အား လာရောက်ပြုပြုလုပ်ပေးခဲ့ကြောင်း ကျောက်ဖျာကျေးရွာအုပ်စုရှိ တောင်သူအချို့က ဆိုသည်။