မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကမ်းနီးတံငါသည်များ ပင်လယ်ပြင်ထွက်ပြီး ငါးမဖမ်းရသည်မှာ လဝက်နီးပါး ရှိလာသောကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေကြောင်း တံငါသည်များက ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ တံငါသည်များကို ငါးထွက်မဖမ်းရန် စစ်ကောင်စီရေတပ်က ပြောဆိုသတိပေးခဲ့ပြီးနောက် ငါးမဖမ်းရဲတော့ခြင်းဖြစ်ကြောင်း တံငါသည်များက ဆိုသည်။
“ငါးဖမ်းမထွက်ရလို့ (တံငါသည်တွေ) ထမင်းငတ်နေကုန်ပြီ။ မလိငါးကျွန်းမှာဆို အကြီးအကျယ် ခိုးတာတွေ ဖြစ်နေကုန်ပြီ။ အိမ်ထက်တက်ပြီး ဆန်တွေ ငရုတ်သီးကြက်သွန်တွေ အဲဒါတွေ ခိုးတာ၊ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှအခိုးမခံရဖူးတာတွေပါ” ဟု မလိငါးကျွန်းရွာ၏ အခြေအနေကို ပုလောဒေသခံ တံငါသည်တဦးက ပြောသည်။
မလိငါးကျွန်းသည် ပုလောမြို့နယ်အတွင်းရှိ ကျွန်းငယ်တစ်ကျွန်းဖြစ်ပြီး ကျွန်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းပေါင်းလျှင် အိမ်ခြေတစ်ရာ့ငါးဆယ်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မလိငါးကျွန်း၊ မလိလေးကျွန်း၊ ကျွန်းကြီး၊ ဇရပ်ဆိပ်ကျွန်း (ရေတပ်ရှိသည့်ကျွန်း) အဲဒီအနီးအနားမှာ ရွာငယ်တွေ အများကြီးရှိသေးတယ်။ သူတို့လည်း ငါးဖမ်းမထွက်ကြရဘူး” ဟု ၎င်းကပြောသည်။
ယင်းကျွန်း၏ အနီးအနားတွင် စစ်သင်္ဘောများရှိနေပြီး တံငါသည်များကို ငါးဖမ်းမထွက်ရန် ယခုရက်ပိုင်းအတွင်း ပြောဆိုထားကြောင်း ဒေသခံများက ပြောဆိုသည်။
“ငါးထွက်ဖမ်းရင် (စစ်သင်္ဘောကနေ) သေနတ်နဲ့ လိုက်ပစ်တယ်။ ထွက်မရဘူး။ တံငါသည်ဆိုတာက သိတဲ့အတိုင်း တစ်နေ့ရလာတာကို ရောင်းချပြီးမှ လိုအပ်တဲ့ ဆန်ဆီတွေကို ဝယ်စားရတာ။ အလုပ်မရှိတော့ စားဖို့ ခိုးတာဖွက်တာ တွေ လုပ်လာကုန်ပြီပေါ့” ဟု တံငါသည်တစ်ဦးက ပြောသည်။
ပုလောမြို့နယ်ရှိ ပင်လယ်ရွာတစ်ပိုင်းဖြစ်သည့် လက္ကူး၊ မှော်ကြောင်း၊ မြဒေါင်၊ ပိတပ်နှင့် ပြင်းဖြူကျေးရွာများဖက်တွင် ယခုလ ၁၁ ရက်မှ ၁၈ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ပြီး ပင်လယ်ပြင် စစ်သင်္ဘောများနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် အများအပြား ပစ်ခတ်ခဲ့သည်။
တိုက်ပွဲကြောင့် ရွာသားအချို့ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးကြသလို တံငါသည်များကလည်း ၎င်းတို့၏ လှေများနှင့်အတူ ချောင်းကြိုချောင်းကြားတွင် ပုန်းအောင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
“လက္ကူး၊ မဒေါင်၊ ပိတပ်ကလှေတွေအများကြီးပဲ — ချောင်းထဲမှာ ဖြစ်သလိုရှာဖွေ စားသောက်ပြီး နေနေကြတာ” ဟု ဒေသခံတံငါသည်တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့် ကျောက္ကာကျေးရွာအုပ်စုဖက်မှ တံငါလှေများကိုလည်း ငါးဖမ်းထွက်ခွင့် ပိတ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။
သို့သော် လှေအချို့မှာ ပင်လယ်အနောက်ဖက်မှ မြိတ်မြို့သို့ ထွက်သွားကြပြီး တိုက်ပွဲမဖြစ်သည့် ကျွန်းစုမြို့နယ် ဖက်တွင် သွားရောက်လုပ်ကိုင်နေကြသည်လည်း ရှိကြောင်း ဒေသခံများထံမှသိရသည်။
ပုလောမြို့နယ်ရှိဒေသခံများမှာ တံငါလုပ်ငန်းအများဆုံး လုပ်ကိုင်ကြပြီး လယ်ယာနှင့် ဥယျာဉ်ခြံများလည်း လုပ်ကိုင်ကြသည်။
လက်ရှိအချိန်တွင်တော့ ပုလောရေပြင်တွင် စစ်သင်္ဘောများရှိနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေကာ နှစ်ဖက်စစ်ရေးတင်းမာနေသည်။