ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာသဖြင့် ရွာသားရာနှင့်ချီကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြရကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်နေသဖြင့် မလိဝမ်း၊ ချောင်းဝနှင့် ခမောက်ငယ်ရွာတို့ရှိ ရွာသားများ ထိုင်းဘက်သို့ ထွက်ပြေးလာကြောင်း စစ်ဘေးရှောင်တို့အား ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၁ရက်က လက်နက်ကြီးကျည်စထိန်မှန်ကာ ချောင်းဝရွာနေ အသက် ၆၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။
“မိုင်းဆွဲတာတို့ လက်နက်ကြီးကျတဲ့အသံတွေကြားရတယ်။ တစ်ယောက်တော့ သေသွားတယ်။ ဒီမနက်ပိုင်းမှာ ထိုင်းဘက်ကို ပြေးလာသူတွေလည်း ရှိနေတယ်” ဟု စစ်ဘေးရှောင်တို့အား ကူညီစောင့်ရှောက်ပေးနေသူက ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။
စက်တင်ဘာလ ၂၀ နှင့် ၂၁ ရက်နေ့ နှစ်ရက်အတွင်း ထိုင်းဘက်သို့ ထွက်ပြေးလာသူ နှစ်ရာကျော်ရှိနေပြီး ထပ်မံဝင်ရောက်လာသူများလည်း ရှိနေကာ စာရင်း အတိအကျ မသိရသေးကြောင်း ၎င်းက ဆိုသည်။
“ထွက်ပြေးတာက တစ်နေရာတည်းမဟုတ်ဘူး။ နီးစပ်ရာဘက်ကို ပြေးရှောင်နေကြရတယ်” ဟု မလိဝမ်းရွာသားတစ်ဦးက ပြောဆိုသည်။
ချောင်းဝနှင့် ခမောက်ငယ်ရွာဘက်သို့ စစ်ကောင်စီတပ်က ကုန်းကြောင်းနှင့် ရေကြောင်းတို့ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ကော့သောင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားည်။
စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၃၀ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြသည်။
ထို့ကြောင့် ဒေသခံပြည်သူ ၃၂၀ ဦးတို့သည် ရနောင်းဘက်သို့ တိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံများ ထိုင်းဘက်သို့ ထွက်ပြေးခဲ့ရသေးသည်။