BREAKING
September 16, 2024

ထားဝယ်မြို့ပေါ် တွင် နှစ်ဘက်ပစ်ခတ်မှုထပ်ဖြစ်၊ အသက် ၈၀ ကျော်အဘွားတစ်ဦး သေဆုံး

August 22, 2024

ထားဝယ်မြို့ပေါ်ရှိ ဆင်ဆိပ်ရပ်ကွက်တွင် ယနေ့(ဩဂုတ် ၂၂ ) ညနေ ၅ နာရီခန့်က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အသက် ၈၀ ကျော် အဘွားတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ ထားဝယ်မြစ်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မြစ်တစ်ဖက်ကမ်း လောင်းလုံးဘက်ခြမ်းရှိတော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ‌၎င်းတို့ကဆိုသည်။

ဆင်ဆိပ်လမ်းဆုံရှိ ဦးကျော်မြင့်သဲဆိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား များက လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်ပြီးနောက် လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ဆင်ဆိပ်ဘက်မှာပဲ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ကြားနေရတယ်။ ဟိုဖက်ကမ်း ဒီဖက်ကမ်း အပြန်အလှန်ပစ်နေကြတဲ့သဘော ပဲ”ဟု အခြားမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဘက်က ဆင်ဆိပ်ရပ်ကွက်၏အနောက်ဘက် လောင်းလုံးဘက်ခြမ်း ထားဝယ်မြစ်ကမ်းတစ်‌လျှောက်ကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သည့်အတွက် ထိန်တွင်းရွာနေ အသက် ၈၁ နှစ်အရွယ် အဖွား ဒေါ်ဖွားကြီး သေဆုံးခဲ့ကြောင်းဒေသခံကတစ်ဦးပြောသည်။

“ရွာထဲလေးလုံးကျတယ်။ မြစ်ကမ်းနား သုံးလုံး အဖွားအိမ်က မြစ်ကမ်းနားမှာပဲ”ဟု ၎င်းဒေသခံကပြောသည်။

ဆင်ဆိပ်အနီးဝန်းကျင်တွင် ပျံ့နှံ့နေသည့်သတင်းများအရ ယနေ့နံနက် ၉ နာရီခန့်က အထက်ပါသဲဆိပ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသွားပြီးနောက် တစ်နာရီခန့်အကြာတွင် စစ်ကားသုံးစီးရောက်လာပြီး လိုက်လံရှာဖွေနေကြာင်း မြို့ခံတစ်ဦးထံမှ သိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ကလည်း ထားဝယ်မြို့ ရေးလမ်းပေါ်ရှိ ဆင်ဆိပ်လမ်းကွေ့တွင် တနင်္သာရီတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့်ယာဉ်တန်းကို တော်လှန်ရေးတပ်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားကို ဆင်ဆိပ်ရပ်ကွက် ရေးလမ်းမပေါ်တွင် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးခန့်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ထားသည်။

ယင်းနေ့တွင်ပင် ဆင်ဆိပ်လမ်းကွေ့တွင် နေထိုင်သည့် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေလက်ထက်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ ဦးကျော်မြင့်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်တွေ့ရသည်။

ထိုနောက် ဩဂုတ်လ ၁၇ ရက်နေ့တွင် ဆင်ဆိပ်လမ်းဆုံအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်က စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားကြောင်း အထက်ပါတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့စနိုက်ပါဖြင့် ပစ်ခတ်ပြီးနောက် လက်နက်ကြီးလက်နက်ငယ်များဖြင့် တစ်နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်ကြရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆင်ဆိပ်ရပ်ကွက်အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မြစ်တစ်ဘက်ရှိ PDF အဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်နေသည်မှာ တစ်ပတ်အတွင်း နှစ်ကြိမ်ရှိပြီဖြစ်သည်။