BREAKING
September 16, 2024

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုကို စစ်ကောင်စီဗုံးထပ်ကြဲ

August 22, 2024

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုကို ယနေ့(သြဂုတ် ၂၂) ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း တိုင်းပကဖတာဝန်ခံနှင့် မြေပြင်ရဲဘော်အချို့က ပြောသည်။

သကျက်ကျေးရွာအုပ်စု ဆင်ခေါင်းရွာကို ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဘန်လောကျေးရွာအုပ်စုကို ညနေ ၃ နာရီကျော်တွင် ဗုံးထပ်ကြဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“ဒီနှစ်နေရာက အရမ်းကြီးဝေးကွာတာမျိုးတော့ မဟုတ်ပါဘူး၊ နယ်မြေချင်းဆက်စပ်နေတဲ့ နီးစပ်မှုရှိတဲ့နေရာတွေပါ။ လောလောဆယ်ပြောနိုင်တာ ထိခိုက်မှုမရှိဘူးလို့ပဲပြောနိုင်တယ်၊ ကျန်တဲ့ကိစ္စတွေကတော့ မပြောနိုင်သေးဘူး” ဟု ရဲဘော်စတားက ဆိုသည်။

K8W တိုက်လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးအလုံးရေ၊ ကြဲချခံရသည့် ကျေးရွာများနှင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း မြေပြင်ရဲဘော်တစ်ဦးကလည်း ဆိုသည်။

စစ်ကောင်စီက ယခုနှစ်အတွင်း တနင်္သာရီတိုင်းကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့သည့်လ ရေကြီးရေလျှံမှုကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။