BREAKING
January 15, 2025

တိုက်ပွဲရက်ရှည်လာသဖြင့် ဆင်ထိုးကြီးကျေးရွာအုပ်စုက စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်တွေ့

August 22, 2024

တိုက်ပွဲ ရက်ကြာရှည်လာသောကြောင့် စစ်ဘေးရှောင်နေရသည့် ဆင်ထိုးကြီးကျေးရွာအုပ်စုက ဒေသခံများ စားဝတ်နေရေး အခက်အခဲဖြစ်လာကြောင်း စစ်ဘေးရှောင်နေရသည့် ဒေသခံအချို့က ပြောသည်။

ဆင်ထိုးကြီး၊ ဆင်ထိုးငယ်၊ ဘုရင့်တောင်၊ အင်းမရွာများတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၄ KNLA တပ်ရင်း ၁၂၊ မဟာမိတ်ပူးပေါင်းတပ်တို့ကြား ဩဂုတ်လ ၁ရက်မှ ၂၂ ရက်အထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

ဒေသခံအချို့မှာ နီးစပ်ရာကျေးရွာများနှင့် ကျောက်လုံးကြီးကျေးရွာအုပ်စုဘက်ကို စစ်ဘေးရှောင်နေကြပြီး အချို့မှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အသိမိတ်ဆွေများနေအိမ်တို့တွင် ခိုလှုံနေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ရက်ကြာရှည် စစ်ဘေးရှောင်နေရသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်လာကြောင်း ၎င်းက ပြောဆိုသည်။

“အလှူရှင်တွေ လာလှူပေးတာလည်းရှိတယ်။ အားလုံးရကြတာတော့ မဟုတ်ဘူး။ လူအများစုနေတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့လူတွေတော့ ရကြတယ်။ တစ်အိမ်ထောင် ဆန်တစ်ပုံး၊ ဆီ၊ ကြက်ဥပေါ့၊ အိမ်တွေမှာ နေသူတွေနဲ့ ကျောက်တောင်ဘက်မှာ ရှိနေတဲ့စစ်ဘေးရှောင်တွေ မရကြဘူး။ ကျမတို့လည်း မရသေးဘူး၊ အစပထမပိုင်းကတော့ အဆင်ပြေသေးတယ်။ အခုရက်ကြာလာတော့ ခက်ခဲလာတာပေါ့” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ဆင်ထိုးကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို ပလောက်အခြေစိုက် ခလရ ၂၈၀ ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများမှာ ရွာတွင် မနေရဲသဖြင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

ကျောက်လုံးကြီးကျေးရွာအုပ်စုဘက်ကို စစ်ဘေးရှောင်လာသည့် ဒေသခံအများအပြားရှိပြီး အချို့မှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း ကျောက်လုံးကြီးကျေးရွာအုပ်စုက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်မှ ၆ ရက်အထိ တစ်ကြိမ်၊ ဩဂုတ်လ ၁၂ ရက်မှ ၁၆ ရက်အထိ တစ်ကြိမ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

မြိတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင်သည့် ဆင်ထိုးကြီးကျေးရွာအုပ်စုရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီကို KNLA နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တို့က ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီက စစ်ကြောင်းထိုးလာရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီကို ကာကွယ်ရန်နှင့် KNLA တပ်များ၏ နယ်မြေစိုးမိုးမှုမှာ ပလောက်မြို့နှင့်နီးကပ်လာမှုတို့ကို ကာကွယ်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း KNLA တပ်ရင်း ၁၂၊ ကစယ်ဒိုကျားအထူးတပ်ဖွဲ့-တပ်ခွဲ (၂) တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။

နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိအဆင့်တစ်ဦး သေဆုံးသည်ဟု သတင်းရကြောင်းလည်း ၎င်းက ဆိုသည်။

“မနေ့တုန်းကတော့ ဘုရင့်တောင် (တိုက်ပွဲ) မှာ ကျွန်တော်တို့ဘက်မှာ နှစ်ယောက်တော့ အနည်းအကျည်းဒဏ်ရာရတယ်။ အနည်းကျည်းဆိုတာက ရှပ်ထိတာလောက်ပဲ” ဟု ကိုဘဦးသစ်က ပြောဆိုသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သလို ကိုသန်းထိုက် ဆိုသူမှာလည်း ပျောက်ဆုံးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

သရက်ချောင်းမြို့နယ်အောက်ဘက်နှင့် ပလောက်မြို့တွင် စစ်ကောင်စီနှင့် KNLA တပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသဖြင့် ပြည်သူလူထုနှင့် ခရီးသွားယာဉ်များအနေဖြင့် စစ်ရေးသတင်းနားစွင့်ပြီးမှသာ ခရီးသွားလာရန် ကိုဘဦးသစ်က ပြောသည်။