BREAKING
January 15, 2025

တနင်္သာရီ ဆင်ခေါင်းနှင့် ထုံမခါရွာတို့ကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီလေကြောင်းဖြင့်ဗုံးကြဲ

August 22, 2024

ပုံစာ - ယနေ့ ဆင်ခေါင်းရွာတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။

တနင်္သာရီမြို့နယ်၊ ဆင်ခေါင်းရွာနှင့် ထုံမခါရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် သကျက်ကျေးရွာအုပ်စုရှိ ဆင်ခေါင်းရွာ ဘုရားတောင် ကို တိုက်လေယာဉ်ဖြင့် မီးလောင်ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ကြောင်း တိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောသည်။

မီးလောင်ဗုံးနှစ်လုံးအနက် တစ်လုံးပေါက်ကွဲပြီး တစ်လုံမပေါက်ကွဲသေးကြောင်း ၎င်းက ဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း ၎င်းက ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်ကလည်း ထုံမခါရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

လေကြောင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် KTLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာအနည်းငယ်ရခဲ့ပြီး ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ဆိုသည်။

“တိုက်ပွဲဖြစ်လို့ ဗုံးလာကြဲတာမဟုတ်ဘူး။ နေသာတာနဲ့ သူတို့ကဗုံးလာကြဲတာပဲ။ လေယာဉ်နဲ့ ဗုံးလာကြဲတာ ဆယ်ရက် လောက် ရှိပြီ။ နေ့တိုင်းနီးပါးလိုကို ဖြစ်နေပြီ။ ကျွန်တော်တို့ဘက်က စစ်ရေးလှုပ်ရှားမှု မရှိဘူး၊ တပတ်လောက်ရှိပြီ” ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်း၊ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်၊ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် စစ်ကြောင်းတို့ကို ပြီးခဲ့သည့် သီတင်းပတ်တွင် မဟာမိတ်ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များ ရှိနိုင်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်လာကြောင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။

ဩဂုတ်လ ၇ ရက်မှ ၂၂ ရက်အထိ တနင်္သာရီမြို့နယ် သကျက်၊ ဆင်ခေါင်း၊ ခြောက်မိုင်၊ မမသောင်၊ ကဏန်းကွင်းရွာ၊ ထုံမခါစသည့် ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲတို့ကြောင့် ဒေသခံတို့ စစ်ဘေးရှောင်နေရပြီး အချို့မှာ ဗုံးခိုကျင်းများ တူးထားပြီး ဆက်လက်နေထိုင်ကြကြောင်း တနင်္သာရီမြို့နယ်မှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။