BREAKING
January 15, 2025

လောင်းလုံး ကျောက်နီမော်ရွာတွင် ပစ်ခတ်မှုဖြစ်

August 22, 2024

ပုံစာ - ကျောက်နီမော်ရွာ

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀နာရီခန့်ကစပြီး PDF နှင့် စစ်ကောင်စီတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ကျောက်နီမော်ရွာအအေးခန်းစက်ရုံဟောင်းရှေ့တွင်ရှိသည့် တောင်ပေါ်တွင် မီးလောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီး လေးချက်လောက် ပစ်သံကြားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ကျောက်နီမော်လမ်းဆုံတွင် ရှိသည့် နေအိမ်တစ်ဆောင်လည်း မီးလောင်နေကြောင်း ဒေသခံတို့က ဆိုသည်။

“အဲဒီအိမ်က ပျူစောထီးတွေ နေဖူးတယ်။ PDF တွေမီးရှို့ခဲ့တယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တစ်နာရီ နီးပါးအကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးသည့်နောက် နံနက် ၁၁ နာရီခန့်တွင် ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်နီမော်ရွာသည် လောင်းလုံးမြို့နယ်ရှိ ပင်လယ်ထွက်ပေါက်ရှိသည့်ကျေးရွာဖြစ်ပြီး ဒေသခံအများစုမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့်အသက်မွေးကြသည်။

ယခုလက်ရှိ ကျောက်နီမော်ရွာတွင် ပျူစောထီး (ခေါ်) ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယာယီစခန်းချနေရာယူထားသည်။

ထိုသို့ ယာယီစခန်းချထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်များကို PDF အဖွဲ့များက မကြာခဏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိရာ ယခုနှစ် မတ်လမှဧပြီလအထိ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ကို Dawei Watch ၏ သတင်းမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်ကလည်း ကျောက်နီမော်ဘုရားတောင် စစ်ကောင်စီစခန်းက ဈေးထွက်ဝယ်သည့် စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံခဲ့ရသေးသည်။