BREAKING
October 18, 2024

ထိုင်းတောင်ပိုင်း ကော့ဖငန်းကျွန်းတွင် ကုန်စုံဆိုင်ပိုင်ရှင်အပါအဝင် မြန်မာသုံးဦးဖမ်းဆီးခံရ

August 22, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ခရီးသွားကျွန်းဖြစ်သော ကော့ဖငန်းကျွန်းတွင် တရားမဝင် ဆိုင်ဖွင့်ရောင်းချနေသော မြန်မာကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး ဩဂုတ်လ ၂၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းလာသော စီးကရက်၊ ငါးသေတ္တာ၊ ကော်ဖီထုပ်နှင့် အခြားသော ပစ္စည်းများကို ရောင်းနေပြီး ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်စီးပွားရေးလုပ်ကိုင်နေသဖြင့် ဆိုင်ပိုင်ရှင် မအေးအေးခိုင် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

ကျွန်းပေါ်ရှိ မြန်မာကုန်စုံဆိုင်ထဲသို့ ထိုင်းလဝကရဲတပ်ဖွဲ့များနှင့် နယ်မြေခံတာဝန်ရှိသူများက ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဆိုင်ပေါ်တင်ရောင်းထားသော ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကော်ဖီထုပ်နှင့် ဆေးလိပ်များ အပါအဝင် တားမြစ် ကုန်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

ဆိုင်အတွင်း ဝင်စစ်ဆေးစဉ် အခြား မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း ဖော်ပြထားသည်။

အသက် ၂၇ နှစ်အရွယ် ကိုစိုးမင်းနိုင်မှာ Work Permit သက်တမ်းကျော်လွန်မှုဖြင့် ဖမ်းဆီးခံရပြီး ဈေးဝယ်လာသော အသက် ၂၈ နှစ်အရွယ် ကိုဖြိုးဝေစိုးမှာလည်း အထောက်အထားမရှိသဖြင့် ဖမ်းဆီးခံရကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါမြန်မာသုံးဦးကို ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်းနင်းရေး ရက် ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ပြီးခဲ့သော ဇွန်လ ၅ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ ရက်ပေါင်း ၇၁ ရက်အတွင်း မြန်မာနိုင်ငံသား ၈၁၈ ဦးအထိ ဖမ်းဆီးထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။