ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ထပ်မံစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဒေသခံရွာသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံအချို့က ပြောသည်။
ဩဂုတ်လ ၂၁ ရက် နံနက် ၄ နာရီခန့်က ပခပ်ရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုံးရွာဖက်သို့ ထွက်လာစဉ် ရမ္မဇူရွာသားတစ်ဦးနှင့် သရက်ငုတ်ရွာသားတစ်ဦးတို့ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။
သင်္ကန်းတုံးရွာတွင် ညအိပ်ကာ စခန်းချခဲ့ပြီးနောက် ယနေ့ ဩဂုတ်လ ၂၂ရက် နံနက်တွင် ဒေသအခေါ် လားတောင် ဖက်မှ ဝကုန်းရွာဖက်သို့ လာစဉ် တောလမ်းမှာတွေ့သည့် ခြံလုပ်ငန်းလုပ်ကိုင်သူ ဝကုန်းရွာသားတစ်ဦးကို ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဝကုန်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ဝကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသဖြင့် ဘုန်းကြီးကျောင်းက ရဟန်းများလည်း ထွက်ပြေးနေရကြောင်း ၎င်းက ဆိုသည်။
အထက်ပါအမျိုးသမီးသည်လည်း ရွာသို့ စစ်ကြောင်းဝင်လာသဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ပြောဆိုသည်။
စစ်ကြောင်းထိုးနေမှုကြောင့် ဝကုန်းကျေးရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာက ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် သရက်ငုတ်ရွာသား ပြန်လည်လွတ်မြောက်လာပြီဟု သတင်းထွက်နေသော်လည်း ရွာသို့ မရောက်လာသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“သူ့မိသားစုထံကို ဖုန်းဆက်သွယ်မေးကြည့်တော့ ရောက်မလားသေးဘူးလို့ပြောတယ်။ စစ်ကြောင်းနဲ့ အတူပဲခေါ်ဆောင်နေသလားဆိုတာတော့ မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။
အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်များသည် ထားဝယ်မြို့မှ ပကာရီရဲကင်းစခန်းသို့ ဩဂုတ်လ ၂၁ ရက် နံနက် ၁ နာရီကတည်းက ကားလေးစီးခန့်ဖြင့် ရောက်ရှိလာပြီး ဝကုန်းရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်ကလည်း ဝကုန်းရွာအပါအဝင် အရှေ့တောဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့သေးသည်။