မြိတ်မြို့ အေးချမ်းသာယာရပ်ကွက်ရှိ နေအိမ်မှာ ဩဂုတ်လ ၂၁ ရက်နေ့က ဖေါက်တွင်းခံရပြီး လက်ဝတ်ရတနာအချို့ပါသွားကြောင်း ကာယကံရှင်ထံမှ သိရသည်။
အဆိုပါ နေအိမ်၌ လူမရှိသည့်အချိန် နေ့ခင်းပိုင်းတွင် ဖေါက်တွင်းခံရခြင်းဖြစ်နိုင်ကြောင်း ကာယကံရှင်က ပြောပြသည်။
“နေ့ခင်းဘက်မဟုတ်တောင်မှ ညနေမှောင်ရီပျိုးတဲ့အချိန်တော့ ဖြစ်နိုင်တယ်” ဟု ကာယကံရှင်က ပြောသည်။
အဆိုပါအိမ်တွင် နေထိုင်သူများမှာ ဆိုင်မှ နေအိမ်သို့ ညနေခြောက်နာခွဲအချိန်တွင် ပြန်ရောက်လေ့ရှိပြီး အိမ်ပြန်ရောက်ချိန်၌ ဖေါက်ထွင်းခံထားရသည်ကို သိရှိခဲ့ရကြောင်း ကာယကံရှင်က ပြောပြသည်။
နေအိမ် အနောက်ဘက်ရှိ သံပန်းတံခါးရှိ သော့ကိုရိုက်ဖွင့်ထားပြီး နေအိမ်အတွင်း မွေနှောက်ရှာဖွေထားကြောင်း ၎င်းက ပြောပြသည်။
နေအိမ်အတွင်း မွေနှောက်ရှာဖွေထားပြီး ငွေသားနှစ်သိန်းကျပ်နှင့် ဆွဲကြိုး ၃ ကုံး၊ လက်ကောက် ၂ ကွင်း၊ လက်ပတ် ၁ ကွင်း၊ လက်စွပ် ၅ ကွင်း၊ လောကက် ၁ ခု၊ OP အမျိုးအစား ရွှေရောင်နာရီတစ်လုံးနှင့် realme 5i အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ ပါရှိသွားကြောင်း သိရသည်။
တန်ဖိုးအားဖြင့် ရွှေနှင့် ပလက်တီနမ်များပင် ကျပ်သန်း ၂၀၀ ခန့်ရှိပြီး ပတ္တမြား၊ စိန်ထည် စသည်တို့ ပါရှိသွားကြောင်း ကာယကံရှင်က ဆိုသည်။
ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း အောင်မင်္ဂလာဈေးတွင် ဈေးဝယ်သူအမျိုးသမီးတစ်ဦး၏ လက်ကိုင်အိတ်အတွင်းမှ ငွေနှင့် ရွှေထည်အချို့ အနှိုက်ခံရကြောင်း ယင်းဈေးသူ/သားအချို့မှ သိရသည်။
မြိတ်တွင် ဆိုင်ကယ်အခိုးခံရခြင်း၊ ဆိုင်ကယ် လုယက်ခံရခြင်း၊ ဖုန်း၊ ဆွဲကြိုး၊ လက်ကိုင်အိတ် စသည်တို့အား လုယက်ခြင်းတို့အပြင် နေအိမ်အတွင်း ဓားထောက်ဝင်ရောက်လုယက်မှုများ ခပ်စိပ်စိပ်ရှိလာနေကြောင်း မြို့ခံအချို့က ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှာပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်တို့နှင့်ရင်ဆိုင်နေကြရပြီး စားဝတ်နေရေးကျပ်တည်းခြင်း၊ လုံခြုံမှုမရှိခြင်း စသည်တို့ကြောင့် ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်လာခြင်း ဖြစ်ကြောင်း မြိတ်မြို့နေသူအချို့က ဆိုသည်။