ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာထိပ်ရှိ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်တွင် ကျိုးကျနေသည့် တံတားငယ်ကို ပြုပြင်ပြီးစီးသွားပြီဖြစ်သဖြင့် ကားများ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းပိုင်းအသုံးပြုသူများက ပြောသည်။
ကော့လှိုင်ရွာထိပ်ရှိ တံတားကို ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီဝန်းကျင်ကစပြီး ပြုပြင်ပြီးစီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“မနက်ကတည်းက စပြီး မြေပြန်ဖို့နေတယ်။ ၁၁နာရီလောက် စဖြတ်ခိုင်းတယ်။ တံတားက အောက်ကရေလွှဲပိုက်ကို ပြန်ပြင်မြေဖို့ပြီး အရေးပေါ်ဖြတ်သန်းသွားလို့ရအောင် လာစီစဉ်ပေးထားတယ်” ဟု ကော့လှိုင်တံတားမှ ကားဖြင့် ဖြတ်သန်းလာသည့် ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
ကော့လှိုင်တံတားသည် ဩဂုတ်လ ၂၁ ရက် ညနေ ၆နာရီဝန်းကျင်တွင် ကုန်ကားတစ်စီးဖြတ်သွားပြီးနောက် မြေသားကျွံကျကာ တံတားကျိုးကျသွားခြင်းဖြစ်သည်။
တံတားကျိုးကျမှုကြောင့် ကားနှင့် လူထိခိုက်ဒဏ်ရာရခြင်း မရှိပေသော်လည်း ခရီးသည်ကားနှင့် ကုန်တင်ကားအချို့ ကော့လှိုင်ရွာတွင် တစ်ညတာပိတ်မိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါတံတားငယ်ကို ကလိန်အောင်လမ်းပိုင်းတွင် တာဝန်ရှိသည့် တံတားတည်ဆောက်ရေးအဖွဲ့၊ လမ်းအထူးအဖွဲ့ ၂၃ တို့က ဩဂုတ်လ၂၁ ရက် ညတွင်လာရောက်စစ်ဆေးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်မြေဖို့ကာ ပြန်လည်ပြုပြင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါတံတားသည် အကျယ်၁၈ ပေ၊ အရှည် ၁၅ပေအရွယ်ရှိ တံတားငယ်ဖြစ်ပြီ ပြီးခဲ့သည့်နှစ်ကတည်းက ပြင်ရန်လိုအပ်နေသည့်တားဖြစ်ကြောင်း လမ်းပိုင်းအသုံးပြုသူများက ဆိုသည်။
မွန်ပြည်နယ် ရေးမြို့နယ်မှ တနင်္သာရီတိုင်းသို့ ဝင်လာသည့် လမ်းပေါ်ရှိတံတားငယ်ဖြစ်ပြီး ရန်ကုန်မှလာသည့်ကားများ ယင်းတံတားကိုဖြတ်ပြီးမှ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် တိုင်းအတွင်းရှိ မြို့များသို့ ဆက်လက် သွားလာနိုင်ခြင်း ဖြစ်သည်။