စံချိန်တင်မြင့်တက်သွားခဲ့သည့် ရွှေဈေးသည် တအိအိပြန်ကျလာပြီး ဩဂုတ်လ ၂၂ ရက်(ယနေ့)တွင် တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သိန်းဈေးကျသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယမန်နေ့ နံနက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၉ သိန်းဝန်းကျင်ရှိရာမှ ညနေပိုင်းတွင် ၃၇ သိန်းစွန်းစွန်း ဖြစ်လာသည်။
ထိုနောက် ယနေ့နံနက်ဈေးဖွင့်ချိန်တွင် ရွှေတစ်ကျပ်သားဈေးမှာ ၃၇ သိန်းနီးပါးသာ ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ယင်းပေါက်စျေးအတိုင်းသာ အရောင်းဖွင့်ထားသော်လည်း ထားဝယ်နှင့် မြိတ်မြို့ရှိ ရွှေဆိုင်များတွင် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။
“အထည်တွေက အရောင်းအဝယ်ပါးတယ်။ တစ်နေ့တစ်နေ့ကို လေးငါးခုလောက်ပဲ ရောင်းရတာ၊ အခေါက်ကတော့ ရောင်းကြဝယ်ကြတာပဲ၊ ဝယ်တဲ့သူတွေက ရွှေစုတဲ့သူများတယ်” ဟု မြိတ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းရွှေဈေး အတက်အကျမှာ ဒေါ်လာငွေလဲနှုန်းအပေါ်တွင် အဓိကတည်မှီနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
လတ်တလောတွင် စစ်ကောင်စီက ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ ကိုင်ဆောင်သုံးစွဲမှုအပေါ် တင်းကျပ်မှုများ လုပ်ဆောင်လာသည်။
နိုင်ငံခြားငွေလဲနှုန်းမြင့်စေရန် ရည်ရွယ်ပြီး ဖြစ်သင့်သည့်ငွေလဲလှယ်နှုန်းမဟုတ်ဘဲ ဈေးကစားမှုများကို ဖော်ထုတ်အရေးယူရန်၊ နိုင်ငံခြားငွေကိုင်ခွင့်လိုင်စင်မရှိဘဲကိုင်ဆောင်က အရေးယူရန် စသည့်အချက်များကို တင်းကျပ်လာခြင်းဖြစ်သည်။
စစ်ကောင်စီက ဖမ်းဆီးအရေးယူမည်ဟု ဖိအားပေးမှုကြောင့် ဒေါ်လာဈေးလည်း တဖြည်းဖြည်းကျဆင်းလာပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်လေးထောင်ဝန်းကျင် ဈေးပေါက်နေရာမှ သုံးထောင်ခြောက်ရာ ဝန်းကျင်ဖြစ်လာသည်။
ထိုသို့ ဒေါ်လာဈေးကျလာသည့်အတွက် ပြည်တွင်းရွှေဈေးကျလာခြင်းဖြစ်ပြီး ဆက်ကျနိုင်သည့် အနေအထားရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
“ရွှေကလေ ထိန်းချုပ်စရာကို မလိုဘူးရှင်။ကမ္ဘာ့ရွှေဈေး ဘယ်လိုကျကျ ဒေါ်လာစျေးအပေါ် မှာပဲမူတည်ပြီး အပြောင်းအလဲဖြစ်တဲ့ သဘောမျိုးရှင့်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။
လတ်တလောတွင် ကမ္ဘာ့ရွှေဈေးမှာ စံချိန်တင်ကျနေပြီး တစ်အောင်စလျှင် ၁၈၈၉ ဒေါ်လာသာ ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်လကမူ တစ်အောင်စလျှင် ၁၉၆၀ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိသည်။
ယခင်ကမူ ပြည်တွင်းရွှေပေါက်ဈေးတွက်ချက်နိုင်သည့် နည်းစနစ်ရှိသော်လည်း လက်ရှိတွင် အဆိုပါတွက်နည်းဖြင့် တွက်ချက်၍မရတော့ဘဲ ဒေါ်လာဈေးအပေါ်တွင်သာ မူတည်နေကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။
ကမ္ဘာ့ရွှေပေါက်ဈေးကို အမေရိကန်ဒေါ်လာပေါက်ဈေးနှင့်မြှောက်ပြီး ရလဒ်ကို ၁ ဒဿမ ၈၇၅ ဖြင့် ပြန်စားသည့် တွက်နည်းဖြစ်သည်။