BREAKING
February 25, 2025

ပြည်တော်ပြန် သက်ဆင်ကို ထောင် ၈ နှစ်ကျခံရန် တရားရုံးအမိန့်ချ

August 22, 2023

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြည်တော်ပြန်လာသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားရုံးက ထောင်ဒဏ် ၈ နှစ်ကျခံရန် ချက်ချင်းအမိန့်ချမှတ်လိုက်သည်။

အကျင့်ပျက်ချစားမှုနှင့် သက်ဆိုင်သော အမှု ၃ မှုနှင့်ပတ်သက်၍ တရားရုံးက ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သူစွပ်စွဲခံထားရသော အမှု ၃ ခုတွင် မြန်မာနိုင်ငံသို့ ချေးငွေ ဘတ် ၄ ဘီလီယံခွင့်ပြုရာ၌ အာဏာအလွဲသုံးစားလုပ်မှုလည်း ပါဝင်နေသည်။

တရားရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် ချက်ချင်းပင် ဘန်ကောက်မြို့ရှိ ရမန်အကျဉ်းထောင်သို့ ကားဖြင့် ပို့ဆောင်ခဲ့သည်။

ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် အသက် ၇၄ နှစ်အရွယ် သက်ဆင်ထံတွင် နှလုံးနှင့် အဆုတ်ရောဂါများအပါအဝင် ရောဂါ ၅ ခုအထိ တွေ့ရှိရကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် သက်ဆင်ကို အကျဉ်းထောင်ရှိ သီးသန့်လူနာဆောင်တွင် ဆရာဝန်များနှင့်အတူ သီးခြားထားရှိသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

သို့သော်လည်း ထိုင်းနိုင်ငံရေးအခြေအနေအရ သက်ဆင်သည် ထောင်ထဲတွင် မည်မျှနေရမည်ကို တိတိကျကျမသိရှိရသေးကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။

သက်ဆင်သည် အသက် ၇၀ ကျော်နေပြီဖြစ်သဖြင့် ကျန်းမာရေးအရ တော်ဝင်လွတ်ငြိမ်းခွင့်ကို ရယူရန် ကြိုးစားနိုင်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

သက်ဆင်သည် တိုက်တိုက်ဆိုင်ဆိုင် ဝန်ကြီးချုပ်ရွေးချယ်မည့် ယနေ့နံနက် ၉ နာရီတွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် စင်ကာပူနိုင်ငံမှ ဘန်ကောက်မြို့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကိုလည်း ယနေ့ လွှတ်တော်အစည်းအဝေး ညနေ ၃ နာရီခန့်တွင် မဲပေးရွေးချယ်သွားမည်ဖြစ်သည်။

ဖွေထိုင်းပါတီ၏ ညွန့်ပေါင်းအဖွဲ့က စီးပွားရေးလုပ်ငန်းရှင် စေထာ ထဝိစင် (Srettha Thavisin) ကို အမည်တင်သွင်းထားခဲ့သည်။

ဖွေထိုင်းပါတီ၏ ညွန့်ပေါင်းအဖွဲ့တွင် စစ်တပ်ပါတီနှစ်ပါတီဖြစ်သော ပရာယွတ်၏ ယူနိုက်တက်ထိုင်းနေးရှင်းပါတီနှင့် ပရာဝိတ်၏ ပင်လောင်းပရာချာရတ်ပါတီများအပါအဝင် ပါတီ ၁၁ ပါတီအထိ ပါဝင်နေပြီး ထောက်ခံမဲ ၃၁၄ မဲရရှိထားသည်။

Ref: Khaosod English, The Nation Thailand, REUTERS