BREAKING
February 27, 2025

မြိတ်တွင် စက်သုံးဆီ အကန့်အသတ်ဖြင့် ရောင်းချ

August 22, 2023

မြိတ်မြို့တွင် စက်သုံးဆီတို့အား ဩဂုတ်လ ၁၉ ရက်နေ့မှစပြီး အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့နှင့် ပြည်သူများထံမှ သိရသည်။

ယခင်က မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ် စသည့် မော်တော်ယာဉ်တို့အား စက်သုံးဆီ လိုသလောက် ရောင်းချပေးလေ့ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။

ထို့အပြင် သုံးဂါလံ၊ ငါးဂါလံ စသဖြင့် ဂါလံပုံးများဖြင့် သွားရောက်ဝယ်ယူပါက ရောင်းချပေးလေ့ရှိကြကြောင်း စက်သုံးဆီအသုံးပြုသူအချို့က ပြောသည်။

“အခုက မြို့ထဲဆိုင်တွေက မရောင်းပေးကြတော့ဘူး။ မြို့ပြင်မှာ ထွက်ဝယ်နေရတယ်” ဟု မြိတ်တောင်ရပ်နေ စက်သုံးဆီအသုံးပြုနေသူတစ်ဦးက ပြောဆိုသည်။

စက်သုံးဆီ (ဓာတ်ဆီ) တို့အား မော်တော်ဆိုင်ကယ်နှင့် လုပ်ငန်းအတွက်အသုံးပြုရန် မြို့နှင့် လေးမိုင်ကျော်ဝေးသည့် မြို့ပြင်ရှိ စက်သုံးဆီဆိုင်တို့တွင် သွားရောက်ဝယ်ယူနေရခြင်း ဖြစ်ကြောင်း ဆိုသည်။

မော်တော်ဆိုင်ကယ်တစ်စီးအား ငါးထောင်ကျပ်၊ သုံးဘီးယာဉ်တစ်စီးလျှင် သုံးသောင်းကျပ်နှင့် မော်တော်ယာဉ် တစ်စီးလျှင် ငါးသောင်းကျပ်အထိသာ ကန့်သတ်ရောင်းချပေးနေကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။

“ရန်ကုန်ဘက်ကရတဲ့ ခွဲတမ်းက နည်းနေလို့ သတ်မှတ်ချက်နဲ့ ရောင်းပေးနေရတာပါ” စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

ယခင်က အကန့်အသတ်မရှိရောင်းချပေးသော်လည်း လက်ရှိတွင် တစ်ရက်လျှင် ဂါလံလေးထောင်အထိသာ ရောင်းချပေးနေကြောင်း ၎င်းက ဆိုသည်။

ဆီဈေးနှုန်းသည်လည်း တဖြေးဖြေးမြင့်တက်လာကြောင်း လောင်စာဆီဈေးကွက်ထံမှ သိရသည်။

မြိတ်ရှိ စက်သုံးဆီဆိုင်များတွင် ဩဂုတ်လအစက ၉၂ အောက်တိန်း ဓာတ်ဆီတစ်လီတာလျှင် ၂‌၅၆၀ ကျပ်ရှိရာမှ ၂၅၉၀ ကျပ်၊ ၂၇၂၀ ကျပ်၊ ၂၇၈၀ ကျပ်၊ ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ဈေးနှုန်းမှာ ၂၈၀၀ ကျပ်သို့ ဖြစ်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။  

ရပ်ကွက်အသီးသီးရှိ ပြင်ပ ဆီအရောင်းဆိုင်ငယ်များတို့သည် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စက်သုံးဆီတို့အား ဝယ်ယူရောင်းချနေကြကြောင်း ယင်းဆီဆိုင်အသိုင်းအဝိုင်းမှ သိရသည်။

ထိုင်းနိုင်ငံမှ တင်သွားလာသည့် ဓာတ်ဆီတစ်လီတာလျှင် ၃၃၀၀ မှ ၃၅၀၀ ကျပ်အထိ ရှိနေကြောင်း ယင်းဆီဈေးကွက်မှ သိရသည်။

“ထိုင်းဆီတွေကျတော့ ပြင်ပဆိုင်တွေမှာ ရောင်းကြတာ များတယ်။ ဆီဆိုင်ကြီး‌တွေက လိုသလောက်မရရင် အပြင်ကဆိုင်တွေမှာ ဝယ်ဖြည့်ရတာပေါ့” သုံးဘီးအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ်တွင် စက်သုံးဆီအရောင်းဆိုင်ကြီးသုံးဆိုင်နှင့် မြို့ပြင်တွင် လေးဆိုင်ရှိသည်။ ရပ်ကွက်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်ငယ် ၇ဝဝန်းကျင်ရှိသည်။