BREAKING
September 8, 2024

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတရာထူးယူ

July 22, 2024

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတ ရာထူးကို ရယူလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တင်မြှောက်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ ဆိုးရွားသဖြင့် ဆေးခွင့်ယူထားရကြောင်း ထုတ်ပြန်ပြီး လေးရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတရာထူးကို ရယူလိုက်ခြင်းဖြစ်သည်။

ဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရား ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ် ကာလ တို့တွင် စစ်ကောင်စီခေါင်းဆောင်ထံသို့ ယာယီသမ္မတရုံးက တာဝန်လွှဲအပ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် ယာယီသမ္မတ ရာထူးကို လက်မှတ်ထိုးရယူလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အာဏာသိမ်းကာလ ငါးကြိမ်မြောက် သက်တမ်းတိုးမှုမှာ ဇူလိုင်လကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းသို့ မကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် ယာယီသမ္မတ ရာထူးကို ရယူလိုက်ခြင်းလည်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ပြီး ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့ရေး ဖျောင်းဖျပေးရန် သမ္မတဟောင်းဦးသိန်းစိန်ထံမှတစ်ဆင့် တရုတ်အစိုးရက ပြောဆိုထားသေးသည်။