BREAKING
September 8, 2024

ပြင်ကျောင်းရွာက ထားဝယ်သပိတ်ကော်မတီဝင်၏နေအိမ်ကို စစ်ကောင်စီတပ်မီးရှို့

July 22, 2024

ဓာတ်ပုံ - DDMSC

လောင်းလုံးမြို့နယ် ပြင်‌ကျောင်းရွာက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီတွင် ပါဝင်သူတစ်ဦး၏ နေအိမ်ကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ကြောင်း အဆိုပါကော်မတီနှင့် ဒေသခံတို့ထံမှ သိရသည်။

ကဒက်ကြီးကျေးရွာတွင်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြင်ကျောင်းရွာသို့ ရောက်ရှိလာပြီး နေအိမ်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထို့ကြောင့် ယနေ့ ညနေပိုင်းအထိ ပြင်ကျောင်းရွာအနီးနားက ဒေသခံများမှာ အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

“အိမ်တစ်ဆောင်မီးရှို့ခဲ့တယ်။ (ရွာသားတွေ) အခုထိ ပြေးနေရသေးတယ်။ ရွာထဲမှာ လူမရှိလို့ အသေးစိတ် မေးလို့မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

မီးရှို့ခံရသည့် နေအိမ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီတွင် Dawei LGBT community ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်နေ့သူ ရဲဘော် ဆူနာမီ၏ နေအိမ်ဖြစ်ကြောင်း အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။

“ပထမတစ်ချက်ကတော့ ဝမ်းနည်းတယ်။ အဖေ ခေါင်းချခဲ့တဲ့အိမ်ဖြစ်လို့ ပိုဝမ်းနည်းတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းနဲ့ပတ်သက်ပြီးတော့ တစ်နေ့ ဒီလိုကြုံရမှာကို ကြိုတွေးထားပါတယ်။ ဒါပေမဲ့ ရှေ့ဆက်လျှောက်ဖို့ အားတင်းထားပါတယ်” ဟု ရဲဘော်ဆူနာမီက ပြောသည်။

ယခင်ကလည်း စစ်ကောင်စီတပ်သည် ရဲဘော်ဆူနာမီ၏ နေအိမ်ကို နှစ်ကြိမ်ဝင်ရောက်ရှာဖွေဖျက်ဆီးခဲ့ဖူးပြီး ယခုတတိယအကြိမ်တွင်မူ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယင်းအပြင် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိသည့် လူငယ်ပိုင်းအရွယ် အမျိုးသမီး နှစ်ဦး၊ အမျိုးသား သုံးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကစပြီး ကစပြီး လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့နှင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပြီး တိုက်ပွဲဖြစ်သည့်နေရာအနီးရှိ ညင်းမော်ကျေးရွာအုပ်စု ရင်းဘုတ်ရွာလမ်းဆုံရှိ နေအိမ်သုံးဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်ကို ကျောခိုင်းပြီး ပြည့်သူ့ရင်ခွင်ခိုလှုံရန် ယနေ့ နေ့လည် ၁၂ နာရီခန့်က ထားဝယ်သပိတ်ကော်မတီက ပြင်ကျောင်းတံတားတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။