BREAKING
October 18, 2024

မွန်ရှိ ဆင်ရွာရေတံခွန်တွင်ပြုတ်ကျသည့် မိန်းကလေးရုပ်အလောင်း ပြန်ဆယ်ယူရရှိ

July 22, 2024

ဓာတ်ပုံ - ရာမည

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်တွင် ဇူလိုင်လ ၂၁ ရက်က ရေထဲပြုတ်ကျသေဆုံးခဲ့သည့် အသက် ၁၅နှစ်အရွယ် မိန်းကလေး၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ရေထဲပြုတ်ကျကာ ကျောက်တုံးအကြားညှပ်ပြီး သေဆုံးနေခြင်းဖြစ်ကြောင်း နယ်မြေခံ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

ဆင်ရွာရေတံခွန်တွင် မိုးဦးကာလမှစ၍ ရက်သတ္တပတ်တိုင်း ရေလာကစားသူ အများအပြားလာရောက်လေ့ရှိပြီး ယခုပြုတ်ကျသည့်ဖြစ်စဉ်သည် လူများသဖြင့် တိုးဝှေ့ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရာတွင် ရေစီးသန်နေသဖြင့် ဆယ်ယူ၍ မရသောကြောင့် မျောပါမသွားစေရန် ဇူလိုင်လ ၂၁ ရက် ညနေပိုင်း၌ လက်ကို ကြိုးဖြင့်ချည်နှောင်ကာ ထားခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ယနေ့ ဇူလိုင် ၂၂ ရက် နံနက်‌ပိုင်းရောက်မှ မော်လမြိုင်မြို့က ရာမညအရေးပေါ်အသင်းရှိ ကယ်ဆယ်ရေးပစ္စည်းများဖြင့် အခြားနယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းသားများနှင့်အတူ ရုပ်အလောင်းဆယ်ယူခဲ့ကြောင်း ရာမညအရေးပေါ်အသင်း၏ တာဝန်ရှိသူက ပြောသည်။

ရုပ်အလောင်းကို ပေါင်မြို့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးပြီးနောက် သေဆုံးသူ၏ ဇာတိဖြစ်သည့် မုဒုံမြို့နယ်၊ ညောင်ကုန်းရွာသို့ ပြန်သယ်သွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၂ဝ ရက်ကလည်း မြိတ်မြို့ ၊ ရေမြစ်ကြီးရွာ ဝါးတောတောရစမ်းချောင်းတွင် ရေလာကစားသည့် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။