ဘင်္ဂလားဒေရှ့်တွင် အလုပ်အကိုင်ချထားမှု ခွဲတမ်းစနစ်ကို ပယ်ဖျက်ပေးရန် ဆန္ဒပြတောင်းဆိုနေသော ကျောင်းသားများ၏ တောင်းဆိုချက်များကို တရားရုံးချုပ်က လိုက်လျောပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။
နိုင်ငံတဝန်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့် ပဋိပက္ခများကြောင့် အနည်းဆုံး လူ ၁၀၀ ကျော်အထိ သေဆုံးခဲ့ရသည်။
လွတ်လပ်ရေးစစ်ပြန်များအတွက် အလုပ်အကိုင်ခွဲတမ်းကို မူလက ၃၀ ရာခိုင်နှုန်းကျော် ချထားပေးရာမှ ယခု ၅ ရာခိုင်နှုန်းသာ သတ်မှတ်လိုက်ကြောင်း မနေ့ (ဇူလိုင် ၂၁) က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။






အလုပ်နေရာ ၉၃ ရာခိုင်နှုန်းကိုလည်း အရည်အချင်းအလိုက် ခွဲဝေချထားရန်နှင့် ကျန် ၂ ရာခိုင်နှုန်းကို လူနည်းစုတိုင်းရင်းသားများ၊ လိင်ပြောင်းများ၊ မသန်စွမ်းသူများအတွက် ခွဲဝေချထားရန် တရားရုံးချုပ်က အမိန့်ချခဲ့သည်။
တရားရုံးချုပ်၏ အမိန့်ကို ကျောင်းသားများက ကြိုဆိုခဲ့ကြပြီး ဖမ်းဆီးခံထားသူများကို ပြန်လွှတ်ပေးရေး၊ ဆန္ဒပြပွဲတွင် အကြမ်းဖက်ခဲ့သော အရာရှိများ ရာထူးကနုတ်ထွက်ပေးရန် အပါအဝင် ကျန်တောင်းဆိုချက်များ မရမချင်း ဆက်တောင်းဆို ဆန္ဒပြသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
အစိုးရအမှုထမ်းဆိုင်ရာ ရာထူးများပေးသောအခါ လွတ်လပ်ရေးတိုက်ပွဲ စစ်ပြန်မိသားစုများကို ဦးစားပေးခွဲတန်း ချပေးမှုပေါ် မကျေမနပ်ဖြစ်ရာမှတစ်ဆင့် ကျောင်းသားများဦးဆောင်၍ ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြပွဲများကို အာဏာရပါတီဘက်က အင်အားသုံးဖြိုခွင်းရာမှ လူသေဆုံးမှု များလာသည့်အတွက် တရားရုံးဘက်က ဆန္ဒပြကျောင်းသားများဘက်က လိုက်လျောခဲ့ပြီး အမိန့်ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။
ဥပဒေရေးရာဝန်ကြီးက ဥပဒေကို ရက်ပိုင်းအတွင်း စတင် ကျင့်သုံးသင့်ကြောင်း အကြံပြုထားသည်။
လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကာဖျူးအမိန့်ထုတ်ထားပြီး ဆက်သွယ်ရေးများကိုလည်း ဖြတ်တောက်ထားခဲ့သည်။
Ref: BBC, DW, Aljazeera