BREAKING
October 18, 2024

ထိုင်းတွင် လုပ်ငန်းခွင်ထဲရှိ မြန်မာတစ်သိန်းနီးပါး စစ်ဆေးခံရပြီး ခြောက်ရာနီးပါးဖမ်းဆီးခံရ

July 22, 2024

ပုံစာ - တရားမဝင် အလုပ်သမားများကို စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေစဉ်။ ဓာတ်ပုံ- กรมการจัดหางาน (ထိုင်းအလုပ်သမားဝန်ကြီးဌာန)

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်ထဲရှိ မြန်မာနိုင်ငံသား တစ်သိန်းနီးပါးအပါအဝင် ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းသုံးသောင်း ကျော်ကို စစ်ဆေးပြီး မြန်မာခြောက်ရာနီးပါး ဖမ်းမိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၄၃ ရက်အတွင်း မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား တစ်သိန်း သုံးသောင်းကျော်ကို စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ဘန်ကောက်မြို့အပါအဝင် တစ်နိုင်ငံလုံးရှိ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြား လုပ်ငန်းခွင်များအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၀၅၀၄ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

စစ်ဆေးခံရရာတွင် မြန်မာအလုပ်သမား တစ်သိန်းနီးပါး ပါဝင်ပြီး ကမ္ဘောဒီးယား ၂၀၀၀၀ ကျော်၊ လာအို ၈၈၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်နှင့် အခြားနိုင်ငံသား ၄၃၀၀ ကျော် ပါဝင်နေသည်။

၎င်းတို့အနက် မြန်မာအလုပ်သမား ၅၇၀ ဦး၊ လာအို ၁၂၈ ဦး၊ ကမ္ဘောဒီးယား ၁၀၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၂၁ ဦးနှင့် ကျန်နိုင်ငံသား ၆၈ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဖော်ပြထားသည်။

အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေမှု၊ နိုင်ငံခြားသား လုပ်ခွင့်မရှိ‌သော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အရေးယူထားခြင်းဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ချွန်ဘူရီခရိုင်ရှိ စွန့်ပစ်ပစ္စည်းစက်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ရာ အလုပ်သမား ၁၀၀ ကျော်အနက် ၄၁ ဦး (မြန်မာ ၆ ဦးနှင့် ကမ္ဘောဒီးယား ၃၅ ဦး) က အထောက်အထားမရှိဘဲ လုပ်ကိုင်နေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ ကြောင်းလည်း ဆိုသည်။

ဖမ်းဆီးအရေးယူခံရသူများသည် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့်သာ တရားဝင် လုပ်ကိုင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော လုပ်ငန်းပေါင်း ၄၀ တွင်လည်း ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။