BREAKING
October 18, 2024

ဘန်ကောက်ရှိ စျေးဝယ်စင်တာတစ်ခုတွင် မြန်မာတစ်ဦးအသတ်ခံရ

July 22, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကပီနယ်မြေရှိ စျေးဝယ်စင်တာတစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦး ဇူလိုင်လ ၂၁ ရက် ည ၆ နာရီခန့်က အသတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

သေဆုံးသူသည် အသက် ၃၄ နှစ်အရွယ် ခွန်ရှင်းမွန်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး Happy Land ရှောပင်းစင်တာ၏ ဆိုင်ကယ်ရပ်နားသောနေရာတွင် ဓားဖြင့်ထိုးသတ်ခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားသည် လည်ပင်းနှင့် ရင်အုံတွင် ဓားဒဏ်ရာနှစ်ချက်ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

ဓားဖြင့် အထိုးခံရပြီးနောက် မြန်မာနိုင်ငံသားက အနီးရှိ လုံခြုံရေးကို အကူအညီတောင်းခံပြီး ကယ်ဆယ်ရေးအဖွဲ့ များ လာရောက်ပြီး မိနစ် ၄၀ခန့် အသက်ကယ်နည်း CPR ပြုလုပ်ပေးခဲ့သော်လည်း သေဆုံးသွားကြောင်း ဖော်ပြသည်။

သေဆုံးသူသည် သူငယ်ချင်းဖြစ်သူနှင့်အတူ အပြင်ထွက်လာစဉ် ဆိုင်ကယ်တစ်စီးရှေ့ ပိတ်၍ လမ်းလျှောက်မိရာမှ ဆိုင်ကယ်စီးလာသည့် ထိုင်းနိုင်ငံသားနှင့် အချင်းများခဲ့ကြကြောင်း မြန်မာသူငယ်ချင်းက ထိုင်းရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

သေဆုံးသွားသော မြန်မာနိုင်ငံသားနှင့် ဓားဖြင့်ထိုးသည့် ဆိုင်ကယ်စီးလာသူတို့မှာ ယခင်က ရန်ငြိုးရှိကြသူများ မဟုတ်ဘဲ ပထမဆုံးတွေ့ဖူးသူများဖြစ်ကြောင်း ထွက်ဆိုထားသည်။

မြန်မာနိုင်ငံသားက တောင်းပန်ထားခဲ့သော်လည်း ဆိုင်ကယ်စီးလာသူက မကျေနပ်ဘဲ ဓားကိုထုတ်၍ ထိုးသတ် ခဲ့ပြီးနောက် ဆိုင်ကယ်မောင်းကာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် သေဆုံးသူ၏ ဆွေမျိုးနှင့် သူငယ်ချင်းများကလည်း စိုးရိမ်ထိန့်လတ်နေဆဲဖြစ်ကြောင်း ဆိုထားသည်။

ယနေ့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ဓားဖြင့်ထိုးသူ ထိုင်းနိုင်ငံသားက လာရောက်အဖမ်းခံလိုက်ပြီးဖြစ်ပြီး လူသတ်မှုဖြင့် စစ်ဆေးမေးမြန်းနေကြောင်း CH 3 က အတည်ပြုထားသည်။

Ref: PPTV, Khaosod, 3 Plus News