BREAKING
January 16, 2025

ပုလောဒေသကာကွယ်ရေးတပ်ခွဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

July 22, 2024

ပုံစာ - PRDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

ပုလောမြို့နယ်အတွင်းလှုပ်ရှားနေသည့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က တပ်ခွဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး ယခုဇူလိုင်လအတွင်း သေဆုံးကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်တိုးကြီးသည် ဇူလိုင်လ ၁၀ရက်က စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးတိုက်ပွဲတွင် သေဆုံးသွားကြောင်း အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ကိုဂျိမ်းက ပြောသည်။

အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ငါးဦးသေဆုံးပြီး နှစ်ဦးကို ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် PK မှာ လုပ်ငန်းတာဝန်တစ်ခုထမ်းဆောင်နေစဉ် ဇူလိုင်လ ၁၅ ရက်တွင် သေဆုံးသွားကြောင်း ရဲဘော်ကိုဂျိမ်းကဆိုသည်။

“ရဲဘော် PK ကတော့ အပတ်စဉ် ၆ သင်တန်းသားပေါ့။ သူ့ကို တပ်ဖွဲ့ရဲ့ တာဝန်တစ်ခုပေးလို့ လုပ်ဆောင်ရင်း ရေနစ်ပြီး ကျဆုံးသွားတာမျိုုးပါ” ဟု ၎င်းက ပြောဆိုသည်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) သည် Local ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး တပ်ဖွဲ့စတင် တည်ထောင် သည့် ၂၀၂၁ ခုနှစ် မေလမှ လက်ရှိအချိန်အထိ တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။