BREAKING
January 16, 2025

မြန်မာပြည်က ဖိနှိပ်ခံလူတန်းစားအရေးနှင့် တောင်သူလယ်သမားအရေး တက်ကြွစွာပါဝင်ခဲ့သူ ပါမောက္ခ ဂျိမ်းစကော့ ကွယ်လွန်

July 22, 2024

နိုင်ငံရေးသိပ္ပံနှင့် မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစကော့ (James Scott) သည် မြန်မာနိုင်ငံ၏ အာဇာနည်နေ့နှင့် တိုက်ဆိုင်စွာပင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ၎င်း၏နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

ပါမောက္ခ ဂျိမ်းစကော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကို ၎င်း၏သားဖြစ်သူ အာရွန်စကော့(Aaron Scott) က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဂျိမ်းစကော့မှာ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဥ်အခိုက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ဟုဆိုသည်။

ပါမောက္ခ ဂျိမ်းစကော့သည် မြန်မာနိုင်ငံ အပါအဝင် အ‌ရှေ့တောင်အာရှတစ်ခွင်၌ တောင်သူလယ်သမားများ၊ အဖိနှိပ်ခံလူတန်းစားများ၊ အာဏာမဲ့ လူမှုအသိုက်အဝန်းများ၊ အောက်ခြေလူထု နိုင်ငံရေးနှင့် မင်းမဲ့ဝါဒဆိုင်ရာ ဘာသာရပ်များကို နှစ်ပေါင်းများစွာ မြေပြင်သုတေသန အများအပြား ဆောင်ရွက်ခဲ့သော ပညာရှင်တစ်ဦးဖြစ်သည်။

ပါမောက္ခ ဂျိမ်းစကော့သည် “ရွှေရိုး” (Shwe Yoe) ဟူသော မြန်မာအမည်နှင့် စာအုပ်စာတမ်းအချို့ ရေးသားခဲ့ပြီး ယင်းစာအုပ်များတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံရေးနှင့် လူမှုရေး ပဋိပက္ခများ၊ အုပ်ချုပ်သူ-အုပ်ချုပ်ခံ/ အာဏာရှိ-အာဏာမဲ့ အဆင့်အတန်း ကွာဟချက်အလိုက် စိုးမိုးခြယ်လှယ်ဖိနှိပ်မှုများကို သေချာကျနစွာ လေ့လာဆန်းစစ် ထောက်ပြထားသည်။

Weapons of the Weak (အဖိနှိပ်ခံများ၏ ကိုယ်ပိုင်လက်နက်များ)၊ The Art of Not Being Governed (စိုးမိုးအုပ်ချုပ်ခံဘဝမှနေ၍ အနုပညာမြောက် ရုန်းထွက်ခြင်း)၊ Domination and the Arts of Resistance (ကြီးစိုးခြယ်လှယ်မှုနှင့် တန်ပြန်တော်လှန်ခြင်းအနုပညာ)၊ Moral Economy of the Peasant (တောင်သူလယ်သမားများ၏သမစိတ္တစီးပွား‌‌ရေး) အစရှိသော ပါမောက္ခ ဂျိမ်းစကော့ ရေးသားသည့် စာအုပ်များမှာ မြန်မာပြည်စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သောစာအုပ်များအဖြစ် စာရင်းဝင်ခဲ့သည်။

ဂျိမ်းစကော့သည် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာနယ်ပယ်များတွင် အာဏာရှင်များ၏ လွှမ်းမိုးအုပ်စိုးမှုကို တွန်းလှန်သည့် အရှေ့တောင်အာရှရှိ တောင်သူလယ်သမားများ၊ လူမျိုးစုငယ်များ၏ မြေပြင် လက်တွေ့စုဖွဲ့မှုနှင့် ရုန်းကန်မှုများကို ဘဝတစ်လျှောက်လုံး လေ့လာဖော်ထုတ်ခဲ့သော ပညာရှင်တစ်ဦးဖြစ်ပြီး အာဏာရှင်ကို တော်လှန်ပုန်ကန်သော အောက်ခြေလူထုနှင့် အမြဲတစေ တစ်သားတည်း ရပ်တည်ပေးခဲ့သူလည်း ဖြစ်သည်။

ဖခင်ဖြစ်သူ ဂျိမ်းစကော့ ကွယ်လွန်ကြောင်း အသိပေးသည့် စာသားများကို ၎င်း၏သားဖြစ်သူ အာရွန်စကော့က “လွမ်းသူ့ပန်းခွေတွေ မပို့ကြပါနဲ့။ အဲ့ဒီအစား ကျေးဇူးပြုပြီး ဗမာပြည်တော်လှန်ရေးကိုသာ ငွေကြေးတွေ ပေးပို့လှူဒါန်းလိုက်ပါ” ဟုအဓိပ္ပါယ်ရသော “Don’t send flowers, send money to the Burmese/Myanmar resistance.” ကိုရေးသားကာ အဆုံးသတ်ထားသည်။