တရုတ်နိုင်ငံကို အင်အားပြင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းနှစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် ပြည်နယ်များစွာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး တံတားကြီးတစ်စင်းလည်း ကျိုးကျသွားခဲ့ကာ တံတားကျိုးကျမှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုများနှင့် လူပျောက်မှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့က စတင်သည့် မုန်တိုင်းဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူသေဆုံးမှုနှင့် လူအများအပြား ပျောက်ဆုံးမှုများရှိနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အင်အားအလုံးအရင်းဖြင့် ဆောင်ရွက်ရန် တပ်လှန့်နှိုးဆော်နေရပြီလည်းဖြစ်သည်။
ဟီနန်စီရင်စုခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် လူ တစ်သိန်းကျော်ခန့် အိုးပစ်အိမ်ပစ် နေရပ်ပစ်ခွာကာ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့နေကြရပြီဖြစ်ပြီး စီချွမ်စီရင်စုခရိုင်တွင်လည်း ရေကြီးရေလျှံမှုကြောင့် လူ ၁၀ ယောက်နှင့် အထက် သေဆုံးကာ လူ ၃၀ ဝန်းကျင်ခန့် ပျောက်ဆုံးနေပြီဖြစ်သည်။
ရေကြီးရေလျှံမှုဖြစ်စဉ်များသည် တရုတ်နိုင်ငံတောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ ဆိုးဆိုးရွားရွားဖြစ်ပွားနေပြီး တံတားကြီး ကျိုးကျခဲ့သောဖြစ်စဉ်မှာ မြောက်ပိုင်းစီရင်စုခရိုင် ရှန်ဇီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုကျခြင်း၊ ရေစီးသန်ခြင်း၊ ရေတိုက်စားခြင်းတို့ကြောင့် တံတားကြီး ကျိုးသွားခဲ့ခြင်းဖြစ်သည်ဟု တရုတ်အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။









တံတားကျိုးကျမှုကြောင့် တံတားထက်တွင် ဖြတ်သန်းမောင်းနှင်နေသော ကား ၂၅ စီးခန့် ရေစီးသန်နေသောမြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ကာ တံတားကျိုးကျမှုဖြစ်စဉ်ကို ကယ်ဆယ်ရေးလုပ်သား ၁,၆၃၀၊ ကယ်ဆယ်ရေးယာဉ်ပေါင်း ၂၀၅ စီး၊ ကယ်ဆယ်ရေးအသက်ကယ်လှေပေါင်း ၆၃ စီးတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တံတားကျိုးကျမှုဖြစ်စဉ်ကြောင့် လူ ၁၂ ဦးခန့် အသက်ဆုံးရှုံးရသည်ဟု သတင်းရင်းမြစ်တချို့က ဖော်ပြထားပြီး အချို့သော သတင်းရင်းမြစ်များကမူ လူသေဆုံးမှုမှာ ၁၅ ဦးအထိ တိုးမြင့်သွားပြီဟု ရေးသားနေမှုများလည်း ရှိသည်။