လွန်ခဲ့သည့် ၃ နှစ်က ဆန္ဒပြပွဲတစ်ခုတွင်း ၀တ်ဆင်ခဲ့သော ခါးတိုအင်္ကျီ (ခရော့ပ်တော့ပ်) တစ်ထည်နှင့် ပတ်သက်၍ ဆယ်ကျော်သက်တစ်ဦးကို ကြာသပတေးနေ့တွင် ထိုင်းတရားရုံးတစ်ရုံးက တော်ဝင် အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၁၂ လ ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ တော်ဝင်ဥပဒေအရ ဘုရင် သို့မဟုတ် မိသားစုဝင်များကို ပြစ်တင်ရှုတ်ချကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။
နာပါစစ် အမည်ရ လူငယ်သည် ၂၀၂၀ ခုနှစ်က ဒီမိုကရေစီအရေးဆန္ဒပြပွဲတစ်ခုတွင် အနက်ရောင် ခရော့ပ်တော့ပ် ၀တ်ဆင်ထားကာ ပါဝင်ခဲ့ပြီး အဆိုပါ ဝတ်ဆင်မှုသည် အစောပိုင်းနှစ်များစွာက ဥရောပ မီဒီယာများတွင် ထင်ရှားခဲ့သည့် ထိုင်းဘုရင်၏ ဝတ်ဆင်ပုံများကို ရည်ညွှန်းကာ ပြသခဲ့ဟုဆိုသည်။
တရားရုံးမှ နာမည်အပြည့်အစုံကို ထိန်ချန်ထားသည့်၊ အသက် ၁၉ နှစ်အရွယ် အဆိုပါ လူငယ်သည် ၎င်း၏ ခန္ဓာကိုယ်တွင် ဘုရင်ကို လှောင်ပြောင်သည်ဟု ယူဆသည့် စာတန်းပါရှိကြောင်း ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီ (TLHR) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဘုရင်သည် မြင့်မြတ်သော အဆင့်အတန်းတစ်ခု ဖြစ်သည့်အတွက် စော်ကားချိုးဖောက်ခြင်း မပြုသင့်” ဟု တရားရုံးက ၎င်း၏ တရားစီရင်ချက်တွင် ဖော်ပြခဲ့ကြောင်း TLHR က ထုတ်ပြန်ခဲ့သည်။
နာပါစစ် သည် ကနဦးတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသော်လည်း “တရားခံသည် အသက် ၁၆ နှစ် အရွယ်တွင် ပြစ်မှုကျူးလွန်သောကြောင့် တရားဝင် အရွယ်မရောက်သေးသူ ဖြစ်သည့်အတွက် ထောင်ဒဏ် ကို တစ်နှစ်နှင့် ခြောက်လသို့ ထက်ဝက် လျှော့ချလိုက်သည်။ ထို့အပြင် အမှုအတွက် အထောက်အကူပြုသည့် ထွက်ဆိုချက်ကို ပေးခဲ့သည့် အတွက် ၎င်းကို ထောင်ဒဏ် ၁၂လသို့ လျှော့ချခဲ့သည်” ဟု TLHR မှ ပြောကြားခဲ့သည်။
အရွယ်မရောက်သေးသူ အယောက် ၂၀ အပါအဝင် တော်ဝင်အသရေဖျက်မှု ဥပဒေကို ချိုးဖောက်မှုဖြင့် အနည်းဆုံး လူ ၂၄၆ ဦးကို ၂၀၂၀ ခုနှစ် နှစ်လယ်က စွဲချက်တင်ထားကြောင်း TLHR ၏ စာရင်းဇယားများအရ သိရသည်။
ပြည်တွင်းပြည်ပ မီဒီယာများသည် ထိုင်းနိုင်ငံ၏ သာသနာတော်၊ ဘုရင်စနစ်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို စုံစမ်းခြင်း၊ တင်ပြခြင်း စသည်တို့တွင် တင်းကြပ်စွာ သတိထားကြရပြီး အခန့်မသင့်ပါက တရားစွဲဆိုမှု ခံရနိုင်သည်။
ပြီးခဲ့သည့် မေလရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးအနိုင်ရခဲ့သော Move Forward ပါတီသည် အဆိုပါ ဘုရင်စနစ် ဥပဒေ လျှော့ပေါ့လာစေရေးကို ကတိပြုကာ မဲဆွယ်စည်းရုံးခဲ့သည်။
သို့သော် ဇူလိုင် ၁၉ရက်နေ့ တွင် ပါတီ၏ခေါင်းဆောင် ပီထာလင်မ်ဂျာရုန်ရတ်အား လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက မီဒီယာ အစုရှယ်ယာပိုင်ဆိုင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေကာ ၀န်ကြီးချုပ်ဖြစ်လာရန် ကြိုးပမ်းမှု နှစ်ကြိမ်ကို လွှတ်တော်က ပယ်ချခဲ့သည်။
Reference ● AFP ● The Straits Times