မနက်စောစောစီးစီး ဇူလိုင်မိုးတို့က လယ်ကွင်းများအတွင်း တဖွဲဖွဲရွာသွန်းနေသည်။
မိုးစက်မိုးပေါက် တဖြောက်ဖြောက်ကျနေသည့် လယ်ကွင်းအတွင်း လယ်ထွန်စက်ငယ်တစ်စီးက တစ်ဒုတ်ဒုတ်ခုတ်မောင်းလျက် မြေသားများကိုထိုးခွဲနေသည်။
အနည်းငယ်စုတ်ပြဲနေသဖြင့် ရေမလုံတော့သည့် မိုးကာဝတ်ထားသော ထွန်စက်မောင်းသူအမျိုးသား၏ မျက်လုံးများက ထယ်သွားဖြင့် ထိုးခွဲနေသည့် မြေကြီးကို အပြည့်အဝအာရုံမစိုက်နိုင်။
မကြာခဏ ခပ်ဝေးဝေး လယ်ကွက်များရှိရာနှင့် တောစပ်များဆီသို့ လှမ်းမျှော်ကြည့်ပြီး သက်ပြင်းတွေလည်း ချလို့နေသည်။
“ကိုယ်ကလည်း ဒီအလုပ်လုပ်မှ စားရတယ်ဆိုတော့ မိသားစုစားဖို့အရေး ကိုယ့်အသက်ကိုတောင် နှမျှောရမှန်းမသိတော့ဘူး။ သေနတ်သံကြားရင်ပြေးပုန်း လက်နက်ကြီး လာကျရင်လည်း ကံပဲ”ဟု လယ်ထွန်စက်ကို ခဏရပ်ကာဆေးလိပ်တိုကို မီးညှိရှိုက်ဖွါရင်း ကိုရင်မောင် (အမည်လွှဲ)က ညည်းတွားသည်။
ကိုရင်မောင်သည် မြိတ်ခရိုင်၊ပုလောမြို့နယ်၊မင်းထိန်ရွာသားဖြစ်ပြီး အသက် ၃၅ နှစ်ရှိနေပြီဖြစ်သည်။
သူ့တွင် မိန်းမနှင့် အရွယ်မရောက်သေးသည့် သားသမီးသုံးဦးရှိပြီး မိုးရာသီတွင်လယ်လုပ်၊ နွေရာသီတွင် တောင်ယာအငှါးခုတ်၊ ဒါမှမဟုတ် ငါးဖမ်းလှေလိုက် အစရှိသဖြင့် ကြုံရာအလုပ်လုပ်ပြီး မိသားစုအတွက် ရုန်းကန် ရှာဖွေကျွေးမွေးနေရသည်။
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် ဒေသဖြစ်ရာ တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ပုလောမြို့နယ်မှာ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသတစ်ခုလည်း ဖြစ်သည်။
ယင်းကြောင့် ပုလောမြို့နယ်ရှိ လယ်သမားများမှာ အသက်အန္တရာယ်ကြားမှ လယ်စိုက်ပျိုးနေကြရသည်။
လယ်စိုက်ပျိုးရင်း လက်နက်ကြီးထိမှန်သေဆုံးမှု၊ မိုင်းနင်းမှု၊ ပစ်ခတ်ခံရမှု တို့ကြောင့် သေဆုံးသည့်ဖြစ်စဉ်များ ရှိသလို စစ်ကြောင်းနှင့်တိုး၍ ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှုများလည်းရှိနေသည်။
ပုလောမြို့နယ်၊လက္ကူးကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် နွေစပါးရိတ်သိမ်းချိန်က တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီလက်နက်ကြီးထိမှန်ပြီး စပါးရိတ်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ဖူးသည်။
ယင်းနောက် ယခုနှစ်ဇွန်လအတွင်းကလည်း ပလရဲစခန်းအနောက်ဘက် လယ်ကွင်းအတွင်း အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်။
ယင်းအခြေအနေများ လယ်ယာလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာနေသည်။ အချို့မှာတော့ အသက်ကိုရင်းပြီး လယ်ယာလုပ်ငန်းခွင် ဝင်နေကြသေးသည်။
ပုလောမြို့နယ်အတွင်း လယ်လုပ်သူ လေးပုံတစ်ပုံခန့် လျော့နည်းသွားသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြပြီး လယ်လုပ်နိုင်ခြင်းမရှိသည့် ဧကအရေအတွက်ကိုမူ နယ်မြေမအေးချမ်းမှုကြောင့် စာရင်းကောက်နိုင်ခြင်း မရှိသေးပေ။
ပုလောမြို့နယ်၊ မင်းထိန်ရွာသည် အိမ်ခြေသုံးရာကျော်ရှိပြီး တိုက်ပွဲဖြစ်ပွါးခြင်း မရှိသော်လည်း ယခုနှစ်ဇွန်လအတွင်း ပုလောစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်ခြင်းခံခဲ့ရသည်။
ရွာအတွင်း နေအိမ်များသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၂ ဦး အပါအဝင် အမျိုးသားတစ်ဦး သေဆုံးပြီး ရွာသားဆယ်ဦးခန့်လည်း ဒဏ်ရာရရှိခဲ့သည်။
လယ်လုပ်သူအများစုရှိသည့် မင်းထိန်ရွာသည် လက်နက်ကြီးရန်နှင့် စစ်ကောင်စီတပ်များ မကြာခဏ အဝင်အထွက်လုပ်ကာ အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းကြောင့် ရွာတွင်လူမစုံတော့။
“ရွာမှာ လူကတစ်ဝက်လောက်က မရှိတော့ဘူး။ အဲဒီအထဲမှာမှ လယ်လုပ်သူက အနည်းအကျဥ်းပဲရှိတော့တယ်။ ကားလမ်းမဖက်ကလယ်တွေတော့ မလုပ်ရဲကြဘူး။အောက်ဘက်က လယ်တွေပဲ တနိုင်တပိုင် လုပ်ကြတော့တယ်”ဟု ကိုရင်မောင် ကပြောသည်။
မင်းထိန်ရွာတွင် လူနေထိုင်ခြင်းရှိနေသေးသော်လည်း ယင်းအနီးအနားရှိ ပဝတ်ကုန်း၊ပဝတ်ဖျား၊ သင်္ကန်းတော၊ကဒဲ၊တို၊တန်းရှင်းစသည့် ကျေးရွာများတွင် လူနေထိုင်ခြင်းမရှိသဖြင့် လယ်ကွင်းများတွင်လည်း လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်နေသည်။
“မင်းထိန်၊သင်္ကန်းတော အောက်ပိုင်းမှာ နည်းနည်းပါးပါး (လယ်)လုပ်တယ်။ ပဝတ်ကုန်း၊ကဒဲ၊တို၊တန်းရှင်းက လုံးဝမလုပ်ဘူး။ ပလရဲစခန်းနောက်ဘက် အထက်ပိုင်းကလည်း မလုပ်ကြဘူး။အောက်ပိုင်း နတ်အိမ်ကွင်းမှာလုပ်တယ်”ဟု ကဒဲကျေးရွာမှ စစ်ဘေးရှောင်နေသူ လယ်သမား ဦးဖြူ(အမည်လွှဲ)ကပြောသည်။
ပဝတ်ကုန်း၊ပဝတ်ဖျား ကျေးရွာနေ ဒေသခံတို့သည် ၂၀၂၂ နှစ်ဦးကတည်းက တိုက်ပွဲနှင့် အဖမ်းအဆီးတို့ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရသည်။
ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်မှုအရှိန်မြှင့်လာသည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၃ ဖေဖော်ဝါရီလတို့တွင် တို၊တန်းရှင်း၊၊သင်္ကန်းတော၊ကဒဲ စသည့်ကျေးရွာများအတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့ ဆက်တိုက်ဆိုသလို တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
စစ်ကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်တွင် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်လာသလို ရွာမီးရှို့မှုအပါအဝင် ကျေးရွာများသို့လည်း ဖြတ်လေးဖြတ်ဗျူဟာကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခဲ့ကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က PDF အားပေးသည့် ကျေးရွာများဟူသော ယူဆချက်ဖြင့် အိမ်ခြေလေးရာရှိသည့် ကဒဲကျေးရွာမှ နေအိမ် ၁၆၅ လုံးကိုမီးရှို့ခဲ့သလို ပလမြို့အမှတ်(၁-၂)ရပ်ကွက်ဖြစ်သည့် တိုရွာကိုလည်း နှစ်ကြိမ်တိုင်တိုင်မီးတင်ရှို့ခဲ့ပြီး အိမ်ခြေ ၁၀၀ ခန့်မီးလောင်ဆုံးရှုံးကာ အိမ်ထောင်စု လေးရာခန့်သည်လည်း နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။
ပုလောအရှေ့ဖျားမှ နန်းတောင်၊ကျောင်းနိမ့်၊ မှော်မိ၊ဂျင့်ဂါ၊ တောင်ဗြဲ၊ဝတ်တိုး၊ ရှမ်းဒွတ်၊မင်းဝင်း၊ ပုလောကုန်း စသည့်ဒေသများတွင်လည်း တိုက်ပွဲများဖြစ်ခြင်း၊ စစ်ကောင်စီတပ်မှ မကြာမကြာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ရှိနေခြင်းကြောင့် လယ်လုပ်သူများ အပြည့်အဝမလုပ်နိုင်ကြကြောင်း ဒေသခံများ ထံမှစုံစမ်းသိရှိရသည်။
ပုလောမြို့နယ်တွင် လယ်သမားများ လယ်လုပ်နိုင်ကြခြင်းမရှိသလို စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်ရှိ လယ်သမားများသည်လည်း လယ်လုပ်နိုင်ခြင်းမရှိဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
တနင်္သာရီမြို့နယ်၊ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ ဘန်းလမွှတ် ကျေးရွာအုပ်စုအပါအဝင် အရှေ့မော်တုန်းကျေးရွာအုပ်စုနှင့် အနောက်မော်တုန်းကျေးရွာအုပ်စုတို့တွင်လည်း ယခုနှစ်တွင် လယ်လုပ်နိုင်ခြင်းမရှိကြတော့။
ယင်းပြည်ထောင်စုလမ်းပိုင်းတွင် ယခုနှစ်အစမှစပြီး စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရခြင်း၊ ခြုံခိုတိုက်ခိုက်ခံရခြင်းအပါအဝင် တပ်ရင်းနှင့်ယာယီတပ်စခန်းများ အတိုက်ခိုက်ခံရမှု မကြာမကြာ ဖြစ်ပေါ်ခဲ့သည်။
တိုက်ခိုက်ခံရမှုဖြစ်ပြီးတိုင်းလည်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်များ နေထိုင်လှုပ်ရှားသည်ဟု ယူဆသည့် မော်တုန်းကျေးရွာအုပ်စုသို့ လက်နက်ကြီးဖြင့် နေ့နေ့ညည ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြသလို အနီးအနားကျေးရွာနေ ဒေသခံအများအပြားကို ဖမ်းဆီးခြင်း၊နေအိမ်တချို့အား မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
“ဘန်းလမွှတ်အုပ်စုမှာဆိုရင် ဘန်းလမွှတ်၊ကမ်းတို၊ ညောင်ပင်ကုန်း၊ကဒဲလိပ်၊ ပနပ်ငယ်၊ရမ်းဖို အဲဒီရွာတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတယ်။ လယ်လုပ်ဖို့မပြောနဲ့ လူတောင်သွားမရဲကြဘူး”ဟု ဘန်းလမွှတ်ကျေးရွာဒေသခံ အမျိုးသား ကပြောပြသည်။
လက်နက်ကြီးရွာအတွင်း ပစ်ခတ်မှုကြောင့် မော်တုန်းကျေးရွာတွင် ယမန်နှစ် စပါးရိတ်သိမ်းချိန်ကတည်းက ရွာသားများ ထွက်ပြေးခဲ့ရပြီးဖြစ်သည်။
ဘန်းလမွှတ်ကျေးရွာအုပ်စုနှင့် မော်တုန်းကျေးရွာအုပ်စုတွင် လက်ရှိအချိန်အထိ လက်နက်ကြီးထိမှန် သေဆုံးရသူအချို့ရှိခဲ့သလို ဒေသခံနှစ်ဆယ်နီးပါးလည်း ထိခိုက်ဒဏ်ရာရကာ ဆေးရုံရောက်ခဲ့ရပြီးဖြစ်သည်။
ယနေ့အထိလည်း အများစုမှာလယ်ယာများ ပစ်ကာထွက်ပြေးနေကြသလို ဒေသခံအနည်းအကျဥ်းသည်သာ ထမင်းမငတ်ရေး အရဲစွန့်လယ်ထဲဆင်းပြီး အပြေးအလွှားလုပ်ကိုင်နေကြသည်။
“ရွာထဲမှာမနေရဲဘူး။ တောစပ်မှာတဲထိုးပြီးနေနေရတယ်။ သုံးလေးရက်လောက် လက်နက်ကြီး မပစ်ရင်လယ်ထွက်လုပ်လိုက် ပစ်ရင်ပြန်ပြေးလိုက်လုပ်နေရတယ်။ လက်နက်ကြီးတွေက ကျွန်မတို့လုပ်နေတဲ့ လယ်စပ်မှာလာကျသလို ရွာထဲလည်းကျတယ်။ တခြားအလုပ်လည်းမရှိတော့ ဒီအလုပ်ပဲအရဲစွန့်ပြီး လုပ်နေရတယ်”ဟု အရှေ့မော်တုန်းရွာတွင် မိသားစုလိုက် လယ်ယာလုပ်ကိုင်နေသည့် အသက် ၆၀ အရွယ် ဒေါ်ညို(အမည်လွှဲ) ကပြောသည်။
တိုက်ပွဲများကြောင့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် လယ်လုပ်သူ ကျဆင်းလာနေသည့်အတွက် လာမည့်နှစ်တွင် ဒေသတွင်းဆန်ရေစပါး ပြတ်လပ်ကာဈေးနှုန်း မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
မြင့်မားလာသည့် ဆန်စျေးကြောင့် လယ်အလုပ်သာ လုပ်တတ်သည့် လယ်သမားများမှာလည်း စိုက်ပျိုးနိုင်ခြင်း မရှိသည့် လယ်ကွင်းများကို ကြည့်ကာ လယ်ရှိပြီး ထမင်းငတ်မည့် အရေးကို စိတ်ပူနေကြသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာမကြာအပစ်ခံနေရသည့် အနောက်မော်တုန်းကျေးရွာနေ ဒေါ်ညို ကလက်ရှိကြုံတွေ့နေရသည့် အခြေအနေအပေါ် ယခုလိုညည်းညူပြောဆိုလိုက်သည်။
“အခုလယ်လုပ်ဖို့ဆိုပြီး ထည်ထိုးလိုက်ပြီးပြီ။ မနေ့က လယ်ခွက်ထဲလက်နက်ကြီး လာကျတော့ ပြန်ဝင်ပြေးရတယ်။ လက်နက်ကြီးထိပြီးပဲ သေမလား။ထမင်းငတ်ပြီးပဲ သေမလား မသိတော့ဘူး”