BREAKING
January 5, 2025

ရေဖြူတွင် စစ်ဘေးရှောင်ထွက်ပြေးလာသည့် ရွာသားများကို စစ်ကောင်စီစစ်ကြောင်းက ရွာသို့ပြန်ခိုင်း

June 22, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်နှင့် မလွှဲတောင်ကြားရှိ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချော (မရော့ချိုင်) ရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်အရပ်သားတို့ကို စစ်ကောင်စီစစ်ကြောင်းက လမ်းပိုင်းတွင်တား၍ ရွာသို့ပြန်လှည့်ခိုင်းကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည် ။

“မျောက်ချောရွာဘက်ကနေ အလယ်စခန်းရွာဘက် ထွက်လာတဲ့ရွာသားတွေကို စစ်ကောင်စီစစ်ကြောင်းက ပေးမသွားဘူး။ စစ်ဆေးစရာရှိသေးတယ်ပြောပြီး ရွာပြန်ခိုင်းတယ်။ တချို့ရွာသားတွေကလည်း အဆင်ပြေသလို ခက်ခက်ခဲခဲ ဘေးလွတ်ရာ ရောက်သွားတာရှိတယ်။ မနေ့က (ဇွန် ၂၁) ဆို မိုးကလည်း တအားကြီးတယ်။ ချောင်းရေကလည်း တက်လာတယ်။ အခက်အခဲတွေက မျိုးစုံဖြစ်နေတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ပြန်လှည့်ခိုင်း၍ ရွာဘက်သို့ပြန်သွားသည့် ရွာသားအချို့နှင့်လည်း အဆက်အသွယ် မရဖြစ်နေ၍ ကျေးရွာအတွင်း အခြေအနေအသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁‌၉ ရက် မျောက်ချောရွာအနီး တိုက်ပွဲပြီးနောက် မျောက်ချောရွာဘက်သို့ နောက်ထပ်အင်အား ၂ဝဝ နီးပါး ထပ်ဖြည့်တင်းထားကြောင်း တော်လှန်ရေး မဟာမိတ်အင်အားစုများထံမှ သိရသည်။

“အဝေးပြေးလမ်းမ ရာဖူးဘက်မှာချထားတဲ့ အင်အားမပါသေးဘဲ မျောက်ချောပတ်ဝန်းကျင်မှာပဲ အင်အား သုံးလေးရာ လောက် ရှိနေတယ်။ အခုလို မိုးရာသီမှာ စစ်ကောင်စီက စစ်ကြောင်းထိုး စစ်ဆင်ရေးလုပ်တာက ပြည်သူတွေအတွက် အရမ်းခက်ခဲစေပါတယ်။ မဟာမိတ်တပ်တွေကတော့ ရပ်ရွာတွေနဲ့ ရှောင်ပြီးပဲ စစ်‌ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်” ဟု မဟာမိတ်အင်အားစုတွင် ပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောဆိုသည်။

ဇွန် ၁၉ ရက် မျောက်ချောရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့၍ လေကြောင်းသုံးတိုက်ခိုက်ခဲ့သဖြင့် မျောက်ချောရွာက နေအိမ်၄၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လဆန်းကစ၍ မလွှဲတောင်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း နှင့် မဟာမိတ်အင်အားစုများအကြား ဇွန်လ ၇ ရက် နှင့် ၁၉ ရက် တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။