BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

June 22, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ

ကမ္ဘာ့ မငြိမ်းချမ်းဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်

ကမ္ဘာ့နိုင်ငံ ၁၆၀ကျော်ရဲ့ ငြိမ်းချမ်းမှုအညွှန်းကိန်း Global Peace Index 2024 ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၈ နဲ့ မငြိမ်းချမ်းဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။

မငြိမ်းချမ်းဆုံး ကမ္ဘာ့နိုင်ငံတွေ စာရင်းမှာတော့ မြန်မာရဲ့ အောက်မှာ ၁၅ နိုင်ငံပဲ ကျန်ရှိပါတော့တယ်။ အရှေ့တောင်အာရှမှာ ဆိုရင်လည်း မြန်မာဟာ မငြိမ်းဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။ စင်ကာပူက ကမ္ဘာ့အငြိမ်းချမ်းဆုံး အဆင့် ၅မှာရှိနေပြီး မလေးရှားကအဆင့် ၁၀မှာ ရှိနေကြပါတယ်။ ဗီယက်နမ်က အဆင့် ၄၀၊ အင်ဒိုနီးရှားက အဆင့် ၄၈၊ လာအိုက ၄၉၊ တီမောက ၅၁ နဲ့ ငြိမ်းချမ်းမှုရှိတဲ့ နိုင်ငံစာရင်းဝင်ပြီး ကမ္ဘောဒီးယားနဲ့ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတွေတို့ကလည်း ငြိမ်းချမ်းမှု အလယ်အလတ်ရှိတဲ့ နိုင်ငံတွေ စာရင်းဝင်ပါတယ်။

အာရှပစိဖိတ်ဒေသမှာတော့ မြန်မာပြီးရင် မငြိမ်းချမ်းဆုံးက မြောက်ကိုရီးယားနိုင်ငံပဲရှိပါတယ်။ ကမ္ဘာမှာ အငြိမ်းချမ်းဆုံး နိုင်ငံက အိုက်စ်လန်းဖြစ်ပြီး မငြိမ်းချမ်းဆုံးနိုင်ငံကတော့ ယီမင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေမြင့်တက်နေပြီး ၂၀၂၃ မှာ လူသုံးထောင်ကျော် သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

……………………………………..

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူတဲ့ပစ်ခတ်မှု ငြင်းမရတဲ့အဆုံး စစ်ကောင်စီဝန်ခံ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူသွားတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ငြင်းမရတော့တဲ့အဆုံးမှာ စစ်ကောင်စီက ဝန်ခံလိုက်ပါတယ်။

ရွှေကျင်ဂိုဏ်းရဲ့ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတက်ရောက်ဖို့ သွားရောက်နေတဲ့ ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ကန်သုံးဆင့်ဆရာတော်တို့ စီးနင်းလိုက်ပါလာတာတဲ့ကားဟာ မန္တလေးတိုင်း မြို့သာမြို့နဲ့ ကမ္မရွာ ကြားမှာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရတာပါ။

ပစ်ခတ်ခံရတာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ဦးခေါင်းနောက်စေ့ကျည်ထိမှန် ပျံလွန်တော်မူပြီး ကန်သုံးဆင့် ဆရာတော်ကတော့ ဦးခေါင်း မှန်စထိမှန်ဒဏ်ရာ၊ ကားသမားမှာ လက်သုံးချောင်း ပြတ်တောက် ဒဏ်ရာတွေရခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကန်သုံးဆင့်ဆရာတော်ကို မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အထိ ပင့်ပြီး အကြိမ်ကြိမ်စစ်ဆေးခဲ့ပေမယ့် စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ PDF တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်တာလို့ အပြစ်လွှဲချထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ကန်သုံးဆင့်ဆရာတော်က သံဃာတော်တွေနဲ့ တပည့်တကာတွေကို ပစ်ခတ်မှု ဖြစ်ရပ်နဲ့ ပတ်သက်လို့ ရှင်းပြပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာ ပေါ်ပေါက်ခဲ့တာပါ။

အဲဒီလိုပေါ်ပေါက်ချိန်ကျမှသာ စစ်ကောင်စီက ဖြစ်စဉ်ကို ပြန်လည်စိစစ်မယ်လို့ ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာပြီး ညပိုင်းမှာတော့ ပစ်ခတ်မိတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုလာတာပါ။ တားဆီးတာကို မရပ်ပေးလို့ ပစ်ခတ်မိခဲ့တာလို့ပြောဆိုထားပြီး အဆင့်မြင့်အရာရှိတွေ ပါတဲ့အဖွဲ့နဲ့ စုံစမ်းစစ်ဆေး အရေးယူမယ်လို့လည်း ဆိုထားပါတယ်။

……………………………………..

ပန်းသပိတ်မှာ ပါဝင်သူတွေကို စစ်ကောင်စီလိုက်လံဖမ်းဆီး

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းမှာ ပန်းသပိတ်လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့ကြပြီး အဲဒီပန်းသပိတ်မှာ ပါဝင်သူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ကိတ်ခွဲပြီး မွေးနေ့ပွဲတွေ ကျင်းပတာ၊ ပန်းသပိတ်လှုပ်ရှားတာ အပါအဝင် သပိတ်လှုပ်ရှားမှုတွေ နိုင်ငံတဝန်းမှာ ရှိခဲ့သလို ပြည်ပရောက် မြန်မာတွေကလည်း ကျင်းပခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေကလည်း ပန်းသပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာဖို့၊ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြသလို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပန်းသပိတ်မှာ ပါဝင်သူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဓာတ်ပုံတွေနဲ့တကွ လှုံ့ဆော်ခဲ့ ကြပါတယ်။ စစ်ကောင်စီကလည်း မန္တလေးမှာ အလှပြင်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ လမ်းသွားလမ်းလာတွေကို ဝင်ရောက် ဖမ်းဆီးတာတွေ လုပ်ဆောင်တာကြောင့် ပန်းပန်သူ၊ ပန်းစည်းကိုင်သူ ၁၀ကျော် ဖမ်းဆီးခံရတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

……………………………………..

အပစ်ရပ်သဘောတူညီချက်ကို စစ်ကောင်စီအကြိမ်ကြိမ်ချိုးဖောက်နေတယ်လို့ TNLA ပြော

ရှမ်းမြောက် မိုးမိတ်နဲ့ နောင်ချိုမြို့နယ်တွေမှာရှိတဲ့ တအာင်းတပ်မတော် (TNLA) တပ်စခန်းတွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒါဟာ ရှမ်းမြောက်မှာ အပစ်ရပ်ထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက အကြိမ်ကြိမ်ချိုးဖောက်နေတာလို့ ဆိုပါတယ်။ ဇွန်လအတွင်းမှာပဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ် ၅၀ကျော်၊ ဒရုန်းနဲ့ ဗုံးချမှု အကြိမ် ၁၀ကျော်အပြင် လေယာဉ်တွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဇွန်လ ၁၈ ရက်ကနေ ၂၀ ရက်အတွင်း တိုက်ခိုက်မှုတွေမှာဆိုရင် TNLA တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရတဲ့အပြင် စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် သီပေါ-နမ္မတူလမ်းမကို စစ်ကောင်စီက မြောင်းတူးပြီး ဖျက်ဆီးခဲ့သလို လားရှိုးကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် လားရှိုး-မိုင်းယော်လမ်းကိုလည်း မြောင်းတူးပြီး ဇွန်လ ဒုတိယအပတ်မှာ ဖျက်ဆီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကလည်း လားရှိုးမှာ စစ်အင်အားတွေ တိုးမြှင့်ထားတာကြောင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တစ်ကျော့ပြန် စစ်ရေးတင်းမာလာတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………..

မောင်တောမှာ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်ထဲက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက် တိုက်ခိုက်တော့မယ်လို့ ကြေညာပြီးနောက် မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်လာပါတယ်။

မောင်တော မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို သိမ်းယူထားပြီး မြို့နဲ့ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ စခန်းတွေ ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်လို့ မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ AA က ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒါကြောင့် ဇွန်လ ၁၆ ည ၉နာရီကနေ စတင်ပြီး ပြည်သူတွေ အမြန်ဆုံးထွက်ခွာကြဖို့ အရေးပေါ် အသိပေးခဲ့ပါတယ်။

အဲဒီနောက် နှစ်ရက်အကြာ ဇွန်လ ၁၈ ရက်နေ့မှာ မောင်တောမြို့အနီး တိုက်ပွဲတွေ စတင်ဖြစ်ပွားလာပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ သေဆုံးဒဏ် ရာရတာတွေ ရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြချက်အရ သိရပါတယ်။ ဒါ့အပြင် ဇွန်လ ၂၀ ရက်နေ့မှာလည်း မောင်တောမြို့ပေါ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့မှာလည်း ယခုသီတင်းပတ်အတွင်း အရပ်သားရာချီကို စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲကို ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

……………………………………..

ကရင်မှာ စစ်ဘေးရှောင်တစ်သန်းကျော်ရှိလာ

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ဘေးရှောင်ပြည်သူတစ်သန်းကျော်အထိ ရှိလာပြီဖြစ်တယ်လို့ KNU က ဇွန်လ ၂၀ ရက်က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သန်းခုနစ်သောင်းကျော်ထဲက ခြောက်သိန်းကျော်ကို ကူညီနိုင်ခဲ့ပြီး စစ်ဘေးရှောင်အားလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် သုံးသန်းကျော်အထိရှိလာပြီး လူ ၁၈ သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။

……………………………………..

ပန်ဝါမှာ မြေရှားသတ္တုလုပ်ကွက်မြေပြိုမှု ရုပ်အလောင်း ၁၇လောင်းပြန်တွေ့

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက် မြေပြိုလို့ လူ ၅၀နီးပါးပျောက်ဆုံးနေတဲ့အထဲက ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ ညပိုင်းမှာမြေရှားသတ္တုလုပ်ကွက်တွင်း မြေပြိုကျခဲ့တာဖြစ်ပြီး ရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်။ ဒီလုပ်ကွက်ဟာ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းတို့ သားအဖ ပိုင်တာလို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachin News Group သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

မြေပြိုတဲ့နေရာကို လုံခြုံရေးတင်းကျပ်ထားပြီး ဖုန်းတွေနဲ့ မှတ်တမ်းတင်ခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြချက်အရ သိရပါတယ်။ မြေကျင်းတစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ်ဖောက်ပြီး အလုပ်လုပ်တာ၊ မိုးရွာသွန်းမှုကြောင့် မြေသား ခိုင်မာမှုမရှိတော့တာတွေကြောင့် မြေပြိုတာလို့ ဆိုပါတယ်။

သယံဇာတတူးဖော်တာတွေကို စောင့်ကြည့်နေတဲ့ Global Witness အဖွဲ့ရဲ့ မေလ အစီရင်ခံစာအရဆိုရင် ချီဖွေမြို့နယ်မှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ထက် ၂၀၂၃မှာ ၄၀ ရာခိုင်နှုန်း မြင့်တက်လာပြီး လုပ်ကွက်ပေါင်း သုံးရာကျော် ရှိတယ်လို့ ဖော်ပြတယ်။ ဒါ့အပြင် ၂၀၂၃ မှာ တရုတ်ကို မြေရှားသတ္တု အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ပို့ခဲ့တယ်လို့ ဆိုပါတယ်။

……………………………………..