BREAKING
December 23, 2024

ဘုန်းကြီးအမှု စစ်ကောင်စီပတ်

June 22, 2024

အထင်ကရ ဆရာတော်ကြီးကို ပစ်ခတ်သတ်ဖြတ်လိုက်တဲ့ စစ်ကောင်စီအတွက် တန်ပြန်ခံရမယ့်အရေးက ရင်လေးဖွယ် ဖြစ်သွားခဲ့ပါပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်သက်နေခဲ့တဲ့ ပြည်တွင်း ရဟန်းသံဃာတွေဆီကနေ စစ်ကောင်စီကို အပြစ်တင်တဲ့၊ မကျေနပ်တဲ့ အသံတွေ ထွက်ပေါ်လာကြလို့ပါပဲ။

ဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆရာ၊ ဒကာ ဆက်ဆံရေးရှိတဲ့ သီတဂူဆရာတော်လည်း ပါဝင်နေပါတယ်။

အတည်မပြုနိုင်တဲ့ အတွင်းသတင်းအရဆိုရင် သီတဂူဆာတော်ကိုယ်တိုင် အခုကိစ္စမှာ အသံတိတ်မနေခဲ့ပါဘူး။ “ဝဋ်ဆိုတာ လည်တတ်တယ်” လို့ မိန့်တော်မူတယ်လို့ ဆိုပါတယ်။ ဘာကို ဆိုလိုတယ်လို့တော့ အတိအကျ အဓိပ္ပာယ်မဖွင့်ဆိုနိုင်ပါဘူး။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ဇွန်လ ၁၉ ရက်မှာ ရန်ကုန်ကနေ မန္တလေးကို လေယာဉ်နဲ့ ကြွရောက်ခဲ့ပါတယ်။ တံတားဦးလေဆိပ်ကနေ ကားနဲ့ထွက်လာခဲ့ပြီး နေ့ဆွမ်းဘုန်းပေးချိန်အမီ အမြန်မောင်းနေချိန် လမ်းတစ်နေရာအရောက်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တာကို ခံရပြီး နေရာမှာတင် ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ရဲ့ ယာဉ်မောင်းလည်း လက်မှာ ဒဏ်ရာရခဲ့သလို အတူလိုက်ပါလာတဲ့ နောက်ထပ်ရာတော်တစ်ပါး(ကန်သုံးဆင့်ဆရာတော်)လည်း ဦးခေါင်းမှာ ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကောင်စီတော့ PDF တွေက ပစ်ခတ်ခဲ့တာဖြစ်တယ်ဆိုပြီး အဲဒီညနေမှာပဲ နိုင်ငံပိုင် ရုပ်သံကနေ သတင်းထုတ်ပြန်ခဲ့သလို နောက်ရက်မှာလည်း သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ဟာ အလိမ်အညာဖြစ်တယ်ဆိုတာကို ငြင်းလို့ မရအောင် ပေါ်လွင်လာခဲ့ပါတယ်။

စစ်ကောင်စီသာသနာရေးဦးဌာနရဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်တာလို့ ဖော်ပြခဲ့သလို ယာဉ်ပေါ်မှာ အတူရှိခဲ့တဲ့ ကံသုံးဆင့်ဆရာတော်က သံဃာထုရှေ့မှောက်မှာ ဖွင့်ဟမိန့်ကြားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး မီဒီယာတွေကလည်း အဆက်မပြတ် လိုက်လံစုံစမ်း ဖော်ထုတ်ခဲ့ကြပါတယ်။

Myanmar Now ရဲ့ နောက်ဆုံးသတင်းတစ်ရပ်မှာဆိုရင် ဆရာတော်တွေရဲ့ ကားကို ပစ်ခတ်ခဲ့ကြတာဟာ ကျောက်ဆည်မြို့အခြေစိုက် စစ်တပ်နဲ့ ငါးဇွန်မြို့က ပျူစောထီးတွေ ကျူးလွန်ခဲ့ကြတာလို့ ဆိုပါတယ်။ ဗိုလ်မှူးမျိုးမင်းဦး ဦးဆောင်တဲ့ စစ်သား ၁၄ ဦးနဲ့ ပျူစောထီး ၁၅ ဦးပါဝင်တာပါ။

ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ရော၊ ကန်သုံးဆင့်ဆရာတော်ရောဟာ မြန်မာနိုင်ငံရဲ့ သံဃဂိုဏ်းတွေအနက် ဝိနည်းစည်းကမ်းအရာမှာ ကျော်ကြားတဲ့ ရွှေကျင်ဂိုဏ်းရဲ့ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်ဆရာတော်တွေဖြစ်ကြသလို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ပါးစလုံးဟာ မန္တလေးမြို့မှာရှိတဲ့ ရွှေကျင်ဂိုဏ်းချုပ်မှာ ကျင်းပမယ့် သံဃအစည်းအဝေးတက်ဖို့ ကြွရောက်လာခဲ့ကြတာလည်း ဖြစ်ပါ

တယ်။ အသက်ဂုဏ်ဝါရော၊ ပညာအရာမှာရော ကြီးမြတ်ကြသူတွေဖြစ်ပါတယ်။ ပျံလွန်တော်မူတဲ့ ဆရာတော်ဟာ သက်တော် ၇၈ နှစ် ရှိပါပြီ။

အင်မတန်စာတော်ပြီး သာသနာတော်အတွက် အားထားရတဲ့ ဆရာတော်ဖြစ်တာကြောင့် အခုလို ဆုံးရှုံးသွားရတာ သံဃာထုကို စိတ်ထိခိုက်စေပါတယ်။ မျက်မြင်သက်သေလည်းဖြစ်တဲ့ ကန်သုံးဆင့်ဆရာတော်ကဆိုရင် သံဃာထုရှေ့က တရားပလ္လင်ပေါ်ကနေ “ယူကျုံးမရဖြစ်ပါတယ်” ဆိုပြီး သုံးကြိမ်တိုင်တိုင် မိန့်ပါတယ်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကနဦးမှာ ထေရ်ကြီးဝါကြီး ဆရာတော်တွေစုပေါင်းပြီး စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ အခုပျံလွန်တော်သွားတဲ့ ဆရာတော်လည်း ပါခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် အားကောင်းတဲ့ သံဃာထုလှုပ်ရှားမှု မဖြစ်ခဲပါဘူး။

တစ်ဖက်မှာလည်း စစ်ခေါင်းဆောင်ဟာ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေအပါအဝင် သံဃာထုအနေနဲ့ သူ့ကို မဆန့်ကျင်အောင် သွေးဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်းမှာလည်း နိုင်ငံရေးစိတ်ထက်သန်တဲ့ ရဟန်းတော်အနည်းအကျဉ်းလောက်သာ ရှေ့ထွက်လာတာကို တွေ့ရပါတယ်။

လူထုအတွက် စိတ်ပိုညစ်သွားစေတာက တပည့်တပန်းနဲ့ နောက်ခံအင်အားတောင့်တဲ့ ဆရာတော်ကြီးတချို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ကြတာကိုပါပဲ။ အဲဒီအထဲမှာ သီတဂူဆရာတော်လည်း ပါခဲ့ပါတယ်။

အခုဖြစ်စဉ်ကတော့ ပြည်ပအပြင် ပြည်တွင်း သံဃာထုကိုပါ လှုပ်ခတ်သွားစေခဲ့တာပါ။ ဒီအထဲမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သံဃာတော်တွေလည်းပါဝင်နေတာကို မြင်ရပါတယ်။

သီတဂူဆရာတော်ရဲ့ လက်ရုံးတပည့် ဆရာတော်တစ်ပါးဖြစ်တဲ့ သီတဂူစတား(သီတဂူကြယ်ပွင့်) ဆရာတော်ကလည်း စစ်ကောင်စီအနေနဲ့ အခုဖြစ်ရပ်အတွက် သံဃာထုကြီးကို တောင်းပန်သင့်တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှ သေးသေး၊ ကြီးကြီး ပြင်းထန်ရက်စက်စွာ နှိပ်ကွပ်လေ့ရှိတာကြောင့် ပြည်တွင်းမှာ သိသာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ မရှိတော့ဘဲ လက်နက်ကိုင်တော်လှန်မှုတွေပဲ အားကောင်းလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူလူထုတစ်ရပ်လုံး ဒုက္ခတွင်းဆုံးကျနေရတာကြောင့် မကျနပ်မှုတွေ ကြီးထွားနေပါတယ်။ တစ်ဖက်မှာလည်း စစ်ပွဲတွေ၊ စစ်မျက်နှာတွေမှာ အရှုံးကြီးရှုံးနေလို့ စစ်ခေါင်းဆောင်ပေါ် အောက်လူတွေကတောင် အမြင်မကြည်တော့၊ မထောက်ခံလိုကြတော့ပါဘူး။

ဒီအခြေအနေမှာ သံဃာတော်တွေကပါ စစ်ခေါင်းဆောင်ကို ဝေဖန်လာတာ ဖြစ်ပါတယ်။

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်၊ လက်ရှိ ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာကို တည်ထောင်ဖွင့်လှစ်ထားတဲ့ IBEC ဆရာတော်ကလည်း လူမှုကွန်ရက်မှာ အခုလို ရေးသားခဲ့ပါတယ်။

“တာဝန်ခံမူမရှိလျှင် တာဝန်မယူကြလေနဲ့။ ဖြစ်စဉ်ကတော့ ရဟန်းသံဃာ လူထုပရိတ်သတ်အားလုံးသိပြီးဖြစ်လေသည်။ ဆရာတော်ဘုရားကြီး၏သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကို စစ်ကိုင်း IBEC ကျောင်းတော်က ဦးညွတ်ကန်တော့ပန်းဆင်လိုက်ပါသည်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးနှင့်အတူပါသည့် ကန်သုံးဆင့်ဆရာတော်ကြီး၏သံဃာအလယ်မိန့်ကြားချက်ကို နားထောင်လိုက်သောအခါ စစ်ဗိုလ် စစ်သားများကပစ်တာဟု တိုက်ရိုက်ပြောစကားအရ နစကအနေဖြင့်တိကျသောစစ်ဆေးမူလုပ်သင့်သည်။ ဟိုဖက်လွှဲချ ဒီအဖွဲ့လွှဲချ စကားများသည် တာဝန်ခံမူကင်းမဲ့သောလုပ်ရပ်ဖြစ်သည်။ တာဝန်ခံမူမရှိလျှင် တိုင်းပြည်တာဝန် ပြည်သူ့တာဝန်ကိုယ်စား တာဝန်မယူသင့်ကြတော့ပေ။ ပြည်သူလူထုအနေဖြင့် လက်နက်ကိုင်မှန်သမျှကိုကြောက်နေကြရသည်မှာ လည်းအမှန်တရားတစ်ခုဖြစ်လေသည်”

ဒါတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်သက်သွားတဲ့ သံဃာထုရဲ့ အသံတွေဖြစ်ပါတယ်။

အခုဖြစ်စဉ်ဟာ စစ်ကောင်စီ ထိပ်ပိုင်းအရာရှိတွေကိုလည်း ပြာယာခတ်သွားစေခဲ့တာပါ။

အခင်းဖြစ်တဲ့ ညပိုင်းမှာပဲ မန္တလေးတိုင်းဝန်ကြီးချုပ်ဟာ သီတဂူဆရာတော်ကြီးဆီကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဒါဟာ ဆရာတော်တွေရဲ့ကား ပစ်ခတ်ခံရမှုနဲ့လည်း ဆက်စပ်နေတာပါ။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်က ဘယ်လို လျှောက်ထားတင်ပြခဲ့တယ်ဆိုတာတော့ မသိရပါဘူး။ သီတဂူဆရာတော်ဟာ ရွှေကျင်ဂိုဏ်းရဲ့ အကြီးအမှူးဖြစ်ပါတယ်။

အဲဒီလိုပဲ ပဲခူးတိုင်းဝန်ကြီးချုပ်ဟာလည်း ပျံလွန်တော်မူတဲ့ ဆရာတော်ကြီးရဲ့ကျောင်းတိုက်ကို သွားရောက်ခဲ့ပါတယ်။

ပျံလွန်တော်သွားတဲ့ ဆရာတော်ရဲ့ တပည့်တွေက ထုတ်ပြန်လှုံ့ဆော်မှုကတော့ ပြင်းထန်ပါတယ်။ ဒီအထဲမှာ အချက်တစ်ချက်က ပြင်းထန်ပါတယ်။

ဗုဒ္ဓဘာသာရဟန်းတော်တွေအနေနဲ့ စစ်အာဏာရှင်တို့ကြောင့် တစ်နေ့တစ်ခြားယုတ်လျော့ ကျဆင်းလာနေသော သာသနာတော်ကို ပြန်လယ်တည့်မတ်စေဖို့နဲ့ စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော ပြည်သူများအပေါ် မေတ္တာရှေ့ထားတော်ပြီး ဆောင်ရွက်ဖွယ်ရာ ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မှုရန် အချိန်ကျရောက်လာပြီလို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာတော်တွေဆိုပြီး ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ချက်ထုတ်လိုက်တာပါ။

‘ပရိကံ’ဆိုတာက ကြိုတင်ဆောင်ရွက်ထားရမယ့် အမှုကိစ္စတွေလို့ မြန်မာလို အဓိပ္ပာယ်ရပါတယ်။

စစ်ကောင်စီကတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြန်လည်စစ်ဆေးသွားမယ်လို့ သုံးရက်အကြာမှာ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ အဖြေကတော့ ထွက်ပြီးသားပါ။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလတုန်းက ပခုက္ကူမြို့က ရဟန်းတော်သုံးပါးကို စစ်သားတွေက ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် သံဃာတော်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် သံဃာထုတစ်ရပ်လုံးကို တောင်းပန်ဖို့ အဲဒီအချိန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ‘ဟင့်အင်း’ လုပ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မယ်၊ သူ့ရဲ့တုံ့ပြန်မှုအပေါ်မူတည်ပြီး သံဃာတော်တွေက ဘယ်လိုတန်ပြန်မယ်ဆိုတာတွေက စောင့်ကြည့်ရမှာပါ။ အရေးကတော့ မသေးလှဘူးဆိုတာ မြင်သာနေပါတယ်။

သံယံ