BREAKING
January 5, 2025

ကလိန်အောင်တွင် နေအိမ်များကို ညဘက် ဝင်ရောက်စစ်ဆေးနေ

June 22, 2024

ပုံစာ - ကလိန်အောင်တံတားအား ဆံတော်ရှင်တော်ပေါ်မှမြင်ရစဉ်(ပုံဟောင်း)

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ် ၁ ရပ်ကွက်တွင် မောရဝတီရေတပ်မှ တပ်လာစွဲပြီးနောက်ပိုင်း နေအိမ်များကို ညပိုင်းတွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများရှိလာသည်ဟု မြို့ခံများကပြောသည် ။

” ဧည့်စာရင်းစစ်သလို ဧည့်သည်ရှိလား မေးတာမျိုးစစ်တယ် ၊ ညသန်းခေါင်ကျော်ကင်းလှည့်ရင်း စစ်တယ်။ အခုသူတို့(မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ) ရောက်ပြီး‌နောက်ပိုင်း အမှတ် ၁ ရပ်ကွက်မှာ အစစ်ခံရတာ သုံးလေးအိမ်ရှိပြီ ” ဟု အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။

ယင်းသို့စစ်ဆေးခံရစဉ်အဖမ်းခံရသူမရှိသေးကြောင်း မြို့ခံများကပြောသည်။

ကလိန်အောင်မြို့ ၊ အမှတ် ၁ ရပ်ကွက်သည် ကလိန်အောင်တံတားနှင့် ကပ်လျက်ရှိပြီး စားသောက်ဆိုင်နှင့် တည်းခိုခန်းများတည်ရှိသည်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ညသန်းခေါင်အချိန်တွင် ကလိန်အောင်မြို့ အမှတ် ၁ ရပ်ကွက်တွင် ငွေလွှဲလုပ်သည့် နေအိမ်တစ်လုံး ဝင်ရောက်စစ်ဆေးခံရပြီး ဖုန်းများသိမ်းဆည်းသွားကာ မနက်မှ ပြန်ပေးခဲ့ကြောင်း နီးစပ်သူများထံက သိရသည်။

မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ တံတားဂိတ်သို့ ရောက်လာပြီးနောက် ညဘက် ကင်းလှည့်လေ့ရှိပြီး ခေါ်ယူစစ်ဆေး ခံရသူများလည်းရှိကြောင်း မြို့ခံများကဆိုသည်။

ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း ကလိန်အောင်တံတားဂိတ်တွင် စစ်ဆေးနေစဉ် မောင်းထွက်သည့် ကားတစ်စီးကို သေနတ်ပစ်ဖောက်၍တားကာ စစ်ဆေးခဲ့သေးသည်ဟု ကားသမားအသိုင်းအဝိုင်းထံကသိရသည်။

ဇွန်လ ၃ ရက်နေ့ကစပြီး ကလိန်အောင်တံတားတွင် ‌မောရဝတီ ‌ရေတပ်က နေရာယူလာပြီး ကလိန်အောင်မြို့အတွင်း အစစ်အဆေး တင်းကျပ်လာခြင်းဖြစ်သည်။