BREAKING
January 11, 2025

ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါသည့်ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝန်ခံ

June 22, 2024

ပုံစာ - ပစ်ခတ်ခံရသဖြင့် ပျံလွန်တော်မူသွားသည့် ဝင်းနိမ္မိတာရုံဆရာတော်၏ ရုပ်ကလာပ်တော်အားပူဇော်ကန်တော့နေကြစဉ်။ Photo - Ashin Sanda Zawti

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့်ကားကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံသည်။

အဆိုပါကား ပစ်ခတ်ခံရပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက် ပျံလွန်တော်မူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၂၁ ရက် ညပိုင်းတွင် ရုပ်သံမှတ်တမ်းဖြင့် ရှင်းလင်းချက်ထုတ်ရာ၌ ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတက်ရောက်ရန် သွားရောက်နေသည့် ဝင်းနိမ္မိတာရုံဆရာတော်နှင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ကန်သုံးဆင့်ဆရာတော်တို့ စီးနင်းလိုက်ပါလာသည့်ကားမှာ မန္တလေးတိုင်း မြို့သာမြို့နှင့် ကမ္မရွာကြားတွင် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ပစ်ခတ်ခံခဲ့ရသည်။

ထို့ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်မှာ ဦးခေါင်းနောက်စေ့ကျည်ထိမှန်ကာ ပျံလွန်တော်မူပြီး ကန်သုံးဆင့်ဆရာတော်မှာ ဦးခေါင်း မှန်စထိမှန်ဒဏ်ရာရကာ ကားမောင်းသူမှာ လက်သုံးချောင်း ပြတ်တောက်သည့် ဒဏ်ရာရခဲ့သည်။

အဆိုပါဖြစ်စဉ်မတိုင်မီ တစ်ရက်အလို ဇွန်လ ၁၉ ရက်တွင် မြို့သားနယ်မြေရဲစခန်းကို PDF ငါးဦးက ပစ်ခတ်သည့်ဖြစ်စဉ်နှင့် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ကားတစ်စီးကို PDF က ခေါ်ဆောင်သွားသည့် ဖြစ်စဉ်တို့ကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယင်းသို့ စစ်ကြောင်းဝင်နေချိန် ဇွန်လ ၁၉ရက် နံနက် ၁၀နာရီခွဲကျော်တွင် အရပ်ကား လိုင်စင်နံပတ်ပြားဖြင့် Surf အမျိုးအစား ကားတစ်စီး မောင်းနှင်လာရာ စစ်ဆေးရန် ဟန်တားခဲ့သော်လည်း ကားက မရပ်ပေးဘဲ ဆက်လက်မောင်းနှင်သွားသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပြတားဆီးခြင်း၊ သေနတ်မိုးပေါ်ထောင်ပစ်ပြီး တားဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သိရှိရကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

“အရပ်သားကားက ကျော်တက်မောင်းနှင်တဲ့အခါ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းအဖျင်း သိရှိရပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းနှင့် မန္တလေးကြား အဆိုပါဒေသတွင် PDF များ အရပ်သားအသွင် လှုပ်ရှားနေသဖြင့် PDF များနှင့် အရပ်သားများကို ရုတ်တရက် ခွဲခြားရန် ခက်ခဲသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ထမ်းဆောင်ရာတွင် အခက်အခဲများစွာရှိ ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

ယခုဖြစ်ရပ်ကို အဆင့်မြင့်အရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက် အပေါ်မူတည်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ကနဦးတွင် PDF က မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူကြောင်း အပြစ်လွှဲချကာ ထုတ်ပြန်ခဲ့သည်။

ပစ်ခတ်ခံရသည့် ကားတွင် ပါဝင်ပြီး အသက်ရှင်လွတ်မြောက်လာခဲ့သည့် ကန်သုံးဆင့်ဆရာတော်ကိုယ်တိုင် အဆိုပါဖြစ်စဉ်ကို သံဃာတော်များနှင့် တပည့်တကာများကို ရှင်းပြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ခြင်း ပေါ်ပေါက်ပြီးမှသာ စစ်ကောင်စီဘက်က ဝန်ခံလာခြင်းဖြစ်သည်။