ရန်ကုန်-မြိတ်အဝေးပြေး ယာဉ်လိုင်းများကို ဇွန်လ ၅ ရက်နေ့ကစဖွင့်ပြီးနောက် မြိတ်ခရိုင်အတွင်းသို့ ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာရှိတော့ကြောင်း မြိတ်အဝေးပြေးကားဝင်းတာဝန်ခံနှင့် မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်းများ ထိန်းသိမ်း ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်ကပ်ဘေးမဖြစ်ခင်က အနယ်နယ်အရပ်ရပ်မှ မြိတ်သို့ တစ်နေ့လျှင် ခရီးသည်ငါးရာနီးပါးခန့်နေ့စဉ် ဝင်ထွက်လျက်ရှိခဲ့ပြီး ယခုအခါတစ်နေ့လျှင် ခရီးသည်တစ်ရာကျော်ခန့်သာ ဝင်ထွက်လျက်ရှိကြောင်း မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်း များထိန်းသိမ်းရေးကော်မတီ၏ မှတ်တမ်း များအရ သိရသည်။
ယာဉ်လိုင်းများ မပိတ်မီပြီးခဲ့သည့် ဖေဖော်ဝါရီလက မြိတ်ခရိုင်သို့တိုင်း ကျော်ခရီးသည် ကိုးထောင်ကျော်ဝင် ရောက်ခဲ့ပြီး ယခုဇွန်လ ၁ ရက်နေ့မှဇွန်လ ၁၄ ရက်နေ့အထိ တိုင်းကျော်ခရီးသည် တစ်ထောင့်ငါးရာကိုးဆယ့်တစ်ဦးသာ ဝင်ရောက်ခဲ့သေးကြောင်း ယင်းမှတ်တမ်း များမှသိရသည်။
“ကိုဗစ်ကာလဆိုတော့လူတွေက မလိုအပ်ဘဲ ခရီးမသွားကြတော့ဘူး။ တော်တော်လေးကိုလျော့သွားတယ်” ဟု မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်းများ ထိမ်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူ ဒေါ်ချိုမာလွင်က ပြောသည်။
လက်ရှိတစ်နေ့လျှင် ရန်ကုန်မှမြိတ်သို့ ခရီးသည်ယာဉ်နှစ်ဆယ်ကျော်ခန့်ပြေး ဆွဲလျက်ရှိနေပြီး ခရီးသည်ဝင်ရောက်မှု အဆပေါင်းများစွာလျော့ကျလာကြောင်း အဝေးပြေးကားဝင်းတာဝန်ခံ ဦးသန်းမြတ်စိုးက ပြောပြသည်။
“လူလေးယောက်တည်းနဲ့ဝင်လာတဲ့ မှန်လုံကားကြီးတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ယခင်က ခရီးသည် ၄၅ဦးပါ ယာဉ်တစ်စီးလျှင်၄၅ယောက် စီးနင်းခွင့်ရသော်လည်း ယခုအခါခရီးသည် ၂၂ ဦးသာ တင်ဆောင်ခွင့်ပြုထားသည်။ မြိတ်မှ ရန်ကုန်သို့ လက်မှတ်တစ်စောင်လျှင်၂၃၅၀ဝ ကျပ်မှ ၃၃၅၀ဝ ကျပ်သို့တိုးမြှင့်ရောင်းချနေကြောင်း အဝေးပြေးခရီးသည်ယာဉ် လိုင်းတာဝန်ခံများထံမှ သိရသည်။
တိုင်းအတွင်းနေ့စဉ်ယာဉ်ငယ်အစီး လေးဆယ်ခန့်ပြေးဆွဲနေပြီး ယင်းယာဉ်ငယ်များသည်လည်း တင်ဆောင်နိုင်သည့် ပမာဏ၏ ထက်ဝက်ကိုသာခွင့်ပြုထားကြောင်း ယာဉ်ငယ်လိုင်းတာဝန်ခံများက ဆိုသည်။
လက်ရှိ မြိတ်အဝေးပြေးကားဝင်းအတွင်းတွင် တိုင်းအတွင်းပြေးဆွဲနေသည့်ယာဉ်ငယ်လိုင်း ၃၃လိုင်းနှင့် တိုင်းကျော်ပြေးဆွဲနေသည့် ယာဉ်ကြီး ၂၅ လိုင်းရှိကြောင်း မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်း များထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။
ကိုဆန်း