BREAKING
November 24, 2024

ဗြိတိန်နိုင်ငံသားကောင်းဆုရ လူလိမ် သူရဲကောင်းရေပိုက်ပြင်သမား

May 22, 2024

၂၀၁၉ ခုနှစ်မှာ ဗြိတိန်နိုင်ငံ ဘန်လေမြို့က လူတစ်ယောက်ဟာ ဆိုရှယ်မီဒီယာပေါ်ကို ဓာတ်ပုံတစ်ပုံတင်လိုက်ပါတယ်။

သွေးကင်ဆာရောဂါဝေဒနာရှင်အမျိုးသမီးတစ်ယောက်ရဲ့ နေအိမ်မှာ အပူပေးစနစ် ပြင်ဆင်ပေးပြီး ဘာအခကြေးငွေမှ

မယူတဲ့အကြောင်း ပြထားတဲ့ ငွေလက်ခံပြေစာလေးရဲ့ ပုံကို ရိုက်ပြီး တင်ထားခဲ့တာပါ။ အဲဒီဓာတ်ပုံမှာ သူစာတစ်ကြောင်း ရေးလိုက်ပါသေးတယ်။

“ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီအမျိုးသမီးအတွက် အခမဲ့…..”

သူ တင်လိုက်တဲ့ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားပြီး အင်မတန်မွန်မြတ်လှစွာသော သူ့ရဲ့ စေတနာကို လူတွေက ဝိုင်းဝန်းချီးကျူးအားပေးခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံရဲ့ လူနေမှုစရိတ်ကြီးမြင့်ဒဏ်ကို အလူးအလဲခံနေရတဲ့ မပြေလည်တဲ့ မိသားစုနေအိမ်တွေမှာ ရေပိုက်ပြင်ပေးတာ၊ အပူပေးစနစ်ပြုပြင်တပ်ဆင်ပေးတာမျိုးလို ဝန်ဆောင်မှုတွေ အခမဲ့လုပ်ပေးနေတဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့နေရတဲ့ ဗြိတိန်ပြည်သူတွေက နှစ်ထောင်းအားရ ကျေနပ်လေးစားခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်ကနေ စပြီး သူနဲ့ သူ့ကုမ္ပဏီဟာ ဗြိတိန်နိုင်ငံတဝန်း လူသိများထင်ရှားလာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ “အကြင်နာတတ်ဆုံး ရေပိုက်ပြင်သမား” လို့ သူ့ကို လူတွေ သိလာကြပါတယ်။ မီဒီယာစာမျက်နှာတွေပေါ်မှာလည်း “သူရဲကောင်းရေပိုက်ပြင်သမား”လို့ ဘွဲ့တံဆိပ်တော်ဆက်ကပ် ကင်ပွန်းတပ်လာကြပါတယ်။

ခက်ခဲနေတဲ့ကာလမှာ လူတွေကို သူ ဒီလိုကူညီနေပါတယ်ဆိုတဲ့အကြောင်း အွန်လိုင်းပေါ် မကြာမကြာ တင်နေခဲ့တဲ့ အဆိုပါအမျိုးသားရဲ့ ဂုဏ်သတင်းဟာ ဘက်ကင်ဟမ်နန်းတော်အထိ ပေါက်ကြားသွားပါတယ်။

ဗြိတိန်ဘုရင်နဲ့ ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီးအဲလိဇဘတ်တို့ကတောင် သူ့ကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း စာရေးသားပေးပို့ရတဲ့အထိပါပဲ။ သူ့ရဲ့ လူတွေကို ကူညီပေးတဲ့ ဆောင်ရွက်ချက်တွေကြောင့် ၂၀၂၃ ခုနှစ်မှာ ဗြိတိန်နိုင်ငံရဲ့ “နိုင်ငံသားကောင်းဆု”ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်။

ဒီလိုမျိုး လူတွေကို ကူညီပေးတာမျိုးတွေ လုပ်နိုင်အောင် ဗြိတိန်နိုင်ငံသူ နိုင်ငံသားတွေက သူ့ကုမ္ပဏီကို အလှူငွေဝိုင်းထည့်လာခဲ့ကြပါတယ်။ အလှူငွေထည့်ဝင်ခဲ့ကြသူတွေထဲမှာ နာမည်ကျော်ဗြိတိသျှရုပ်ရှင်မင်းသား Hugh Grant နဲ့ အဆိုတော် Lily Allen တို့လို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေတောင်မှ ပါဝင်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သူ့ကိုယ်သူ ကယ်တင်ရှင်ပုံဖော်ထားတဲ့ လံကြုပ်ဇာတ်လမ်းတွေကို ဗြိတိန်အခြေစိုက်မီဒီယာကြီးတစ်ခုက မဖွင့်ချလိုက်ခင်အထိတော့ သူ့ရဲ့ ဂုဏ်သတင်းဟာ နေမဝင်အင်ပါယာဟောင်းရဲ့ ဇာတိဌာနီ မဟာဗြိတိန်ရွှေပြည်တော်မှာ မွှေးပျံ့နေခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ မေလ ၁၆ ရက်နေ့မှာ ကမ္ဘာကျော် BBC သတင်းဌာနဟာ ဗြိတိန်နိုင်ငံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ သတင်းတစ်ပုဒ်ကို ဖွင့်ချလိုက်ပါတယ်။ အဲဒီသတင်းကတော့ “ဗြိတိန်နိုင်ငံရဲ့ အကြင်နာတတ်ဆုံးရေပိုက်ပြင်သမား”လို့ ချီးကျူးခံထားရတဲ့ James Anderson ဆိုသူရဲ့ လူမသိသေးတဲ့ အပုပ်ဇာတ်လမ်းပါပဲ။

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ Anderson ဟာ ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးနေတယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းတော်တော်များများကို အွန်လိုင်းပေါ် တင်ထားခဲ့တယ်ဆိုတာကို ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ်ရှိတဲ့ Anderson ဟာ Depher (Disabled and Elderly, Plumber and Heating Emergency Response) လို့ အမည်ပေးထားတဲ့ ကုမ္ပဏီကို တည်ထောင်ထားသူ ဖြစ်ပါတယ်။ လူနေအိမ်ရာတွေမှာ ရေ၊ မီး၊ ဘွိုင်လာအိုး ပြုပြင်တပ်ဆင်ပေးတာမျိုးတွေကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

သူ့ရဲ့ ကုမ္ပဏီဟာ လူမှုအကျိုးပြုကုမ္ပဏီ(CIC) အဖြစ်နဲ့ မှတ်ပုံတင်တည်ထောင်ထားတာ ဖြစ်တဲ့အတွက် ရပ်ရွာလူထုအကျိုးကို အတိုင်းအတာတစ်ခုအထိ ကောင်းကျိုးဆောင်ပေးရမှာ သဘာဝပါပဲ။

ဒါပေမယ့် Anderson ဟာ ငွေကြေးချို့တဲ့ကျပ်တည်းတဲ့ ပင်စင်စားတွေ၊ စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတွေနဲ့ ကင်ဆာရောဂါဝေဒနာသည်တွေကို ကူညီနေပေးနေတယ်ဆိုတဲ့ ပုံနဲ့စာတွေကို Facebook နဲ့ Twitter ပေါ်မှာ မကြာခဏ တင်လေ့ရှိပါတယ်။ ဆင်းရဲချို့တဲ့သူတွေကို သူ ကူညီပေးနေတယ်ဆိုတဲ့အကြောင်း ဓာတ်ပုံနဲ့စာတွေကို ဆိုရှယ်မီဒီယာပေါ်ကို မကြာမကြာ တင်ပြီး လူတွေဆီက လက်ခုပ်သံချူလေ့ရှိပေမယ့် လက်ရှိအချိန်မှာတော့ သူဟာ ဗြိတိန်တံတွေးခွက်ထဲ မျောနေရပြီ ဖြစ်ပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းက ထွက်ပေါ်လာတဲ့ BBC ရဲ့ စုံစမ်းဖော်ထုတ်မှုအရ Anderson ဟာ ဆင်းရဲချို့တဲ့သူတွေကို ကူညီပေးနေတယ်ဆိုတဲ့ မဟုတ်မဟတ် လုပ်ကြံဇာတ်လမ်းတွေအများကြီးကို အွန်လိုင်းပေါ် တင်ထားခဲ့တယ်ဆိုတာကို လူတွေ သိလာခဲ့ကြပါတယ်။ ဆင်းရဲချို့တဲ့သူတွေရဲ့ ပုံရိပ်ကို အသုံးချပြီး မျက်ရည်ချူ အလှူခံရလာတဲ့ စတာလင်ပေါင်သန်းနဲ့ချီတဲ့ ငွေတွေကို အလွဲသုံးစားလုပ်ပြီး အိမ်တစ်ဆောင်နဲ့ ကားတစ်စီးဝယ်ထားခဲ့တယ်ဆိုတာကိုလည်း BBC က ဖွင့်ချလိုက်ပါတယ်။

၂၀၂၂ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ Anderson ရဲ့ Depher ကုမ္ပဏီဟာ Anderson နဲ့ အမျိုးသမီးတစ်ယောက် အတူရိုက်ထားတဲ့ ဆဲလ်ဖီဓာတ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ထားခဲ့ပါတယ်။ အဲဒီဓာတ်ပုံထဲမှာ အမျိုးသမီးရဲ့ မျက်နှာကိုတော့ စတစ်ကာတစ်ခုနဲ့ ဖုံးကွယ်ထားပါတယ်။ အသက် ၈၄ နှစ်အရွယ်ရှိတဲ့ အဆိုပါ အမျိုးသမီးဟာ စိတ်ထိခိုက်ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မလို လုပ်နေခဲ့တယ်။ သူမဆီရောက်ဖို့ မြန်နိုင်သမျှ အမြန်ဆုံး သူ ကားမောင်းပြီး သွားခဲ့တယ်။

သူ ရောက်သွားတဲ့အချိန်မှာ အမျိုးသမီးရဲ့ လက်ထဲမှာ ဆွဲကြိုးချသတ်သေဖို့ ကြိုးကွင်းကို အဆင်သင့်ကိုင်ထားတာ တွေ့ရတယ်။ သူမရဲ့ အိမ်က ရေချိုးခန်းထဲမှာ ရေနွေးသုံးစွဲခွင့်မရလို့ စိတ်ထောင်းကိုယ်ကြေပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မလို ဖြစ်နေတယ်ဆိုတဲ့ သဘောမျိုး Anderson ကို ကယ်တင်ရှင်ပုံစံပေါက်အောင် စာရေးတင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်က တင်ထားခဲ့ပါတယ်။

ဒါပေမယ့် တကယ့်အဖြစ်မှန်မှာတော့ အဆိုပါအမျိုးသမီးဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီပို့စ်မှာ ရေးထားတာတွေက “လုံးဝအလိမ်အညာတွေပဲ”လို့ အဆိုပါ အမျိုးသမီးရဲ့ သမီးဖြစ်သူကလည်း BBC ကို ပြောခဲ့ပါတယ်။

“ဒါဟာ ကျွန်မတို့လို ဆင်းရဲချို့တဲ့သူတွေကို ငွေထုတ်စက်လို အမြတ်ထုတ်အသုံးချတာပဲ”

BBC ရဲ့ သတင်းဆောင်းပါးပေါ်ထွက်လာပြီးနောက်မှာ Anderson က အဲဒီပို့စ်မှာ ရေးသားထားတာတွေဟာ မမှန်ကန်ဘူးဆိုတာကို ဝန်ခံခဲ့ရပါတယ်။ ကာယကံရှင်မိသားစုကိုလည်း သူက တောင်းပန်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်ကို တင်ခဲ့တဲ့သူကတော့ သူ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ပိုအံ့အားသင့်စရာကောင်းတာက Depher ကုမ္ပဏီဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဩဂုတ်လအထိ ဒီဓာတ်ပုံတစ်ပုံတည်းကိုပဲ အကြောင်းအရာအမျိုးမျိုး ခေါင်းစဉ်တပ်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ထားခဲ့တာပါပဲ။

ကာယကံရှင်အမျိုးသမီးရဲ့ မျက်နှာကို ဖုံးကွယ်ပြီးတော့ အသက်နဲ့ နေရပ်လိပ်စာ အမျိုးမျိုးရေးပြီး လူတွေကို လှည့်စားခဲ့တဲ့လုပ်ရပ် ဖြစ်ပါတယ်။

နောက်ထပ်ဥပမာတစ်ခုမှာဆိုရင်လည်း Depher ကုမ္ပဏီဟာ အသက် ၉၀ ကျော်အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို အကြိမ်ရေ ၂၀ ထက်ပိုပြီး အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ ကာယကံရှင်အမျိုးသားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ကာယကံရှင်အမျိုးသားဟာ လိင်တူကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို ကျင့်ဝတ်မဲ့စွာ ဖော်ပြခဲ့ပါတယ်။ ကာယကံရှင်အမျိုးသားက သူ့ကို ဗီဒီယိုမရိုက်ဖို့ တောင်းဆိုခဲ့ပေမယ့် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် အကြိမ်ရေ ၂၀ ထက်ကျော်ပြီး တင်ထားခဲ့တာပါပဲ။

နောက်ထပ်ဖြစ်ရပ်တစ်ခုမှာဆိုရင်လည်း အိမ်တွင်းအကြမ်းဖက်မှုဒဏ်ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူ့ကလေးကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ထားခဲ့ပါတယ်။

ဒီလို တင်ထားခဲ့ရာမှာ ဘာအထောက်အထားမှ မပြနိုင်ဘဲ အဆိုပါ အမျိုးသမီးကို ခိုးမှုကျူးလွန်သူလို့ စွပ်စွဲရေးသားထားခဲ့တာက ကြားရသူအဖို့ အော့နှလုံးနာစရာ ဖြစ်နေပါတယ်။ ကာယကံရှင်အမျိုးသမီးဟာ သူမကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်တာမျိုး မဖြစ်စေချင်ဘူးလို့ Anderson ကို ပြောခဲ့ပေမယ့် အရာမထင်ခဲ့ဘူးဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။

“အဲဒီကိစ္စဟာ ကျွန်မဘဝမှာ အထိခိုက်ရဆုံးအရာပါပဲ။ သူတို့က သိုသိုသိပ်သိပ်လေး နေလာတဲ့ ကျွန်မဘဝကို လူသိရှင်ကြားဖြစ်အောင် လုပ်လိုက်တာပါပဲ”

နောက်ထပ်ဥပမာတွေမှာဆိုရင်လည်း Depher ကုမ္ပဏီက အလုပ်သမားတစ်ယောက်က ဓာတ်ငွေ့ယိုစိမ့်နေတဲ့ ဘွိုင်လာအိုးနားမှာ ဆေးလိပ်သောက်နေတဲ့ပုံတစ်ပုံနဲ့ လုပ်ငန်းခွင်အတွင်း လုံခြုံမှုမရှိတာတွေအကြောင်းကိုလည်း ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေက BBC ကို ပြောပြခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက သတင်းအချက်အလက်ဆိုင်ရာမဟာမင်းကြီးရုံး(Information Comissioner’s Office) ကလည်း Depher ကုမ္ပဏီအပေါ် တိုင်ကြားစာတွေ ရရှိထားပြီး အခုလို ပြောပါတယ်။

“အဖွဲ့အစည်းမှန်သမျှဟာ လူတွေရဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုစုဆောင်းတယ်၊ ဘာကြောင့်စုဆောင်းတယ်၊ ဘယ်လိုအသုံးပြုမလဲ၊ ဘာကြောင့် အသုံးပြုမလဲဆိုတာကို အချက်အလက်ကောက်ယူခံရသူတွေနဲ့ အဖွဲ့အစည်းကြား ရှင်းရှင်းလင်းလင်းဖြစ်နေရမယ်။ ပွင့်လင်းမြင်သာမှုရှိရမယ်”

ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဘယ်လိုနေရာတွေမှာ အသုံးချခွင့်ပေးလိုက်တာလဲဆိုတာကို ကာယကံရှင်တွေဘက်ကလည်း သေသေချာချာသိသွားလိမ့်မယ်လို့လည်း အဆိုပါမဟာမင်းကြီးရုံးက ပြောပါတယ်။

လူမြင်ကွင်းမှာ ကယ်တင်ရှင်သူရဲကောင်းယောင်ဆောင်ထားတဲ့ Anderson နဲ့ သူ့ကုမ္ပဏီရဲ့လုပ်ရပ်အကြောင်းကို BBC က မဖွင့်ချခင်မှာကတည်းက Anderson ဟာ သူ့ရဲ့ကုမ္ပဏီအပိတ်ခံရအောင် အွန်လိုင်းပေါ်မှာ လှောင်ပြောင်သရော်တိုက်ခိုက်နေကြသူတွေ ရှိတယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးခဲ့ဖူးပါတယ်။ သူ့အမှားတွေကို ဝန်ချတောင်းပန်ခဲ့ပေမယ့်လည်း အချို့ဓာတ်ပုံတွေကတော့ အွန်လိုင်းပေါ်က လှောင်ပြောင်သရော်ကြသူတွေက မမှန်မကန် လုပ်ကြံလီဆယ်ထားတာသာ ဖြစ်တယ်လို့ Anderson က ပြောပါတယ်။ ဒါ့အပြင် သူ့အပေါ် မလိုတမာတိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း ယူကေနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းကိုပါ Anderson က တိုင်ကြားခဲ့ပါတယ်။.

BBC ကတော့ သူတို့ဟာ နောက်ခံအခြေအနေမတူညီတဲ့ လူအမြောက်အများကို တွေ့ဆုံမေးမြန်းပြီး Anderson နဲ့ Depher ကုမ္ပဏီရဲ့ လုပ်ရပ်တွေအကြောင်းကို သီးခြားလွတ်လပ်စွာ စေ့စေ့စပ်စပ် စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

Anderson ဟာ BBC ရဲ့ ရေးသားဖော်ပြချက်အချို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် “ကျွန်တော် အမှားတွေ လုပ်ခဲ့မိတယ်”လို့တော့ သူ ဝန်ခံခဲ့ရပါတယ်။ အလှူငွေတွေထဲက သူ အလွဲသုံးစားလုပ်ခဲ့တဲ့ငွေတွေကိုလည်း ပြန်ပေးပါ့မယ်လို့ ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ နိုင်ငံသားကောင်းဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က သူတို့ ဆုချီးမြှင့်ရတာနဲ့ ပက်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

“မိမိရပ်ရွာဒေသနဲ့ ပရဟိတလုပ်ငန်းတွေမှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာအောင် ကိုယ်ကျိုးစွန့်ပြီး အပင်ပန်းခံအလုပ်လုပ်ကြတဲ့ ယူကေနိုင်ငံအနှံ့က လူပုဂ္ဂိုလ်တွေကို အသိအမှတ်ပြုပေးနိုင်တဲ့အတွက် ကျွန်မတို့က ဂုဏ်ယူပါတယ်”

ဒါပေမယ့် အန်ဒါဆင်ရဲ့ လုပ်ရပ်တွေက သူတို့ရဲ့ စံတန်ဖိုးတွေနဲ့ မကိုက်ညီတဲ့အတွက် ၂၀၂၃ ခုနှစ်က Anderson ကို ပေးအပ်ခဲ့တဲ့ ဗြတိန်နိုင်ငံသားကောင်းဆုကို ဆုရွေးချယ်ရေးအဖွဲ့က ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

Ref: BBC, Daily Mail, Times Now