ရေဖြူမြို့နယ် ၊ နတ်ကြီးစင်ကျေးရွာအုပ်စု ၊ စိန်ဘုံရွာတွင် ဧပြီလ ၂၁ ရက်ညက စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်သုံးလုံးပြိုသွားကာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။
စိန်ဘုံရွာသည် ဧပြီလ ၂၁ ရက်က စစ်ကောင်စီတပ်နှင့် တော်လှန်အင်အားစုများအကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ရေးတင်းမာနေသည့် မင်းသားကျေးရွာအုပ်စုနှင့် ကပ်လျက်တည်ရှိသည် ။
လက်နက်ကြီးကျည်ထိမှန်၍ စိန်ဘုံဘူတာရုံ အနီးရှိ ကုန်စုံဆိုင်တစ်ဆိုင်နှင့် လူနေအိမ်နှစ်လုံး ပျက်စီးသွားကြောင်း၊ ရွာသားများ ဧပြီလ ၂၁ ရက်ကတည်းက ကြိုတင်ရှောင်တိမ်းနေကြသဖြင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။
” စိန်ဘုံမှာ ကုန်စုံဆိုင် အပါအဝင် အိမ်သုံးလုံးပြိုသွားတယ် ။ ဘုန်းကြီးကျောင်းမှာလည်းကျည် ထိထားတာရှိတယ် ။ ဘူတာရုံနဲ့ကျောင်းက ကပ်နေတာ ။ လက်နက်ကြီးက မောရဝတီဘက်ကရော ၊ ကလိန်အောင်ဘက်ကရော လှမ်းထုနေတယ် ။ အခုတောင်ထုနေသေးတယ် ” ဟု မင်းသားအုပ်စုမှစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ယနေ့ ညနေပိုင်းကပြောသည် ။
ဧပြီလ ၂၀ ရက်တိုက်ပွဲပြီးနောက် ညပိုင်းတွင်လည်း စစ်ကောင်စီ ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် စိန်ဘုံရွာတွင် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး အမျိုးသားတစ်ဦး ကျည်စထိမှန်၍ ဒဏ်ရာရခဲ့သေးသည် ။
” တိုက်ပွဲ က ၂၀ ရက်က တစ်ကြိမ် ပဲဖြစ်သေးတယ် ။ ကျန်တာက စစ်တပ်ဘက်က လက်နက်ကြီး ရမ်းထုနေတာပါ ။ တိုက်ပွဲမဖြစ်သေးပေမဲ့ နှစ်ဘက်စလုံး စစ်ဆိုင်ထားတဲ့ အခြေအနေမှာရှိတယ် ။ ရွာသားတွေကတော့ အကုန်ရှောင်နေကြရတယ် ” ဟု ယနေ့ နေ့လယ်ပိုင်း အထိ စစ်ရေးတင်းမာနေသည့် အခြေအနေအား မင်းသားတိုက်ပွဲ တွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူ တစ်ဦးကပြောပြသည် ။
ကလိန်အောင်မြို့ဘက်ရှိ စစ်ကောင်စီတပ်ရင်းများမှလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကျေးရွာများက ဒေသခံများလည်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ယင်းကျေးရွာများမှ ဒေသခံများကဆိုသည် ။
ယခုလက်ရှိ စစ်ရေးတင်းမာနေသည့် မင်းသားကျေးရွာအုပ်စုနှင့် နတ်ကြီးစင်ကျေးရွာအုပ်စု တို့သည် မွန်နှင့် တနင်္သာရီနယ်စပ်တွင် ဖောက်လုပ်ထားသည့် ရေး-ထားဝယ် မီးရထားလမ်းဟောင်းဘေးတွင် တည်ရှိသည့် ကျေးရွာအုပ်စုများဖြစ်ကြသည် ။