နည်းပညာမြင့် အွန်လိုင်းအက်ပလီကေးရှင်းများကို အသုံးပြု၍ လူမှောင်ခိုပို့ဆောင်နေသည့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမိခဲ့ရာတွင် ၎င်းတို့အကူအညီဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၇ ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထိုင်းနိုင်ငံနှစ်ဦးမှာ ရဲတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် Checkpoint နှင့် Traffic D Pro ဆိုသည့် အက်ပလီကေးရှင်းများကို အသုံးပြု၍ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများကို ရှောင်ရှားခဲ့ကြခြင်းဖြစ်သည်။
Checkpoint နှင့် Traffic D Pro အက်ပလီကေးရှင်းများသည် လမ်းမများပေါ်ရှိ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များနှင့် အခြားလမ်းပိုင်းပြုပြင်ရေး အခြေအနေများကို ပြသသော ဖုန်းအက်ပလီကေးရှင်းများ ဖြစ်သည်။
ဧပြီလ ၂၁ ရက်နေ့ ညက ချွန်ဖော်မြို့ ဝမ်းဖိုင်ဒေသရှိ အဝေးပြေးလမ်းပေါ် မောင်းနှင်လာသော အလုံပိတ်ကားတစ်စီးသည် ထိုင်းရဲကင်းကားကို အရှိန်ဖြင့် ဖြတ်ကျော်မောင်းသွားကြောင်း ယင်းကားနံပါတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးရာ ကားပိုင်ရှင်သည် စမွတ်ပရကန်တရားရုံးက ဝရမ်းထုတ်ထားခံရသူဖြစ်သဖြင့် တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းအရသိရသည်။
ကားထဲတွင် ထိုင်းကားမောင်းသမား နှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၆ ဦးလိုက်ပါလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများကို မဟာချိုင်မှတစ်ဆင့် ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်မြို့သို့ ပို့ဆောင်ပေးရန် မောင်းနှင်လာခြင်းဖြစ်ပြီး ပို့ဆောင်ခအတွက် တစ်ဦးလျှင် ဘတ် ၄၀၀၀၀ ရရှိမည်ဖြစ်ကြောင်း ကားသမား၏ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်ကို ဖော်ပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းကားသမားနှစ်ဦးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ခွန်ဖော်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သော မတ်လက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၅၂၀ ဦးအထိ ရှိခဲ့ကြောင်း FE5 Tanintharyi အစီအရင်ခံစာအရ သိရသည်။
Ref: Khaosod English, CH 7, MGR online